ဧရာဝတီတိုင်းမ်
(ကချင်)၊ ဒီဇင်ဘာလ ၇ ရက်
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဉက္ကဌဟောင်းသိက္ခတော်ရဆရာကြီးဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးမှုအပေါ် World Kachin Congress(WKC)က ကချင်တစ်မျိုးသားလုံးကို အလွန်အကြူး ရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံစစ်ကြေညာလိုက်ခြင်းဖြစ်သည်ဟု ဒီဇင်ဘာလ ၆ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။
အမှန်တရားဘက်မှ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ရပ်တည်သော ကချင်အမျိုးသားလုံး၏ ရှေ့ဆောင်လမ်းပြသိက္ခတော်ရ ဆရာကြီးဒေါက်တာခလမ်ဆမ်ဆွန်အား စစ်ကောင်စီက အကြောင်းပြချက်မရှိ အပြစ်မဲ့ဖမ်းဆီးမှုအပေါ် ကချင်တစ်မျိုးသားလုံးလွန်စွာ စိတ်ဒေါသဖြစ်ရပြီး သိက္ခတော်ရဆရာကြီးအား ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်က သိက္ခတော်ရဆရာကြီးအား အကြောင်းမဲ့ဖမ်းဆီးထားသော လုပ်ရပ်သည် ပိုမိုရှုပ်ထွေးသော လူမျိုးရေးနှင့် ဘာသာရေးစစ်ပွဲဆီသို့ ဦးတည်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး တော်လှန်ရေးတွင် ပြည်သူလူထုအားလုံး မိမိတတ်နိုင်သည့်ဘက်မှ အရှိန်မြှင့်ကာ ပါဝင်ရပ်တည်ကြရန် အဆိုပါထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။
စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် အစေအပါးခံ ဆောင်ရွက်ပေးနေသူများနှင့် အဖွဲ့အစည်းများအားလုံးကို အမြစ်ပြတ်ချေမှုန်းကြရန်နှင့် စစ်ကောင်စီ၏ ဖိနှိပ်ချုပ်ခြယ်အနိုင်ကျင့်မှုများမှ လွတ်မြောက်လိုသူအားလုံး တော်လှန်ရေးရဲဘော်များအား အရှိန်မြှင့်ထောက်ပံ့ကူညီပါဝင်ပေးကြရန် WKCက ထပ်မံတိုက်တွန်းထားသည်။
ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ဉက္ကဌ၊ သိက္ခတော်ရဆရာကြီးဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်တွင် မန္တလေးလေဆိပ်တွင် စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။
၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်နှင့် တွေ့ဆုံနေစဉ် မြန်မာနိုင်ငံတွင် ဘာသာတရားလွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို စစ်ကောင်စီတပ်က ချုပ်ချယ်နေကြောင်း၊ ခရစ္စယာန်ဘာသာဝင်များကို နှိပ်ကွက်ခဲ့ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုင်းရင်းသားလက်နက်ကိုင်များက စစ်ကောင်စီကို တိုက်ခိုက်နေကြောင်းကို အမေရိကန်သမ္မတဟောင်းထံ ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့သူဖြစ်ကြောင်း သိရသည်။