ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၇ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ နိုဝင်ဘာလ ၂ ရက်နေ့က သစ်တောဝန်ထမ်း ၁ ဦး ဆိုင်ကယ်နဲ့ ဖုန်း လုယက်ခံခဲ့ရပြီး တရားခံကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့ထိ ဖမ်းမိတာမျိုးမရှိသေးဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ် သူတွေဆီက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ သစ်တောဝန်ထမ်းဟာ ဘိုကလေးတံတားပေါ်မှာ ည ၈ နာရီကျော်လောက် ဓါးထောက်လုယက်ခံခဲ့ရတာဖြစ်ပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပေမယ့် တရားခံတော့ ခုချိန်ထိမမိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ ခုထိ တရားခံမမိသေးဘူး ဖြစ်တာကတော့ ၁ လကျော်သွားပြီ အစအနတောင် မကြားရတော့ဘူး ပိုက်ဆံ မရလို့လည်း ဖြစ်နိုင်တယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
သစ်တောဝန်ထမ်း ဓါးထောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းလုယက်ခံရပြီး ၁ လကျော်ကြာတဲ့အထိ တရားခံလည်း ဖမ်းမမိသလို ပစ္စည်းတွေလည်း ပြန်ရတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ဘိုကလေးမြို့မှာ ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏဖြစ်ပွားနေပြီး ဒေသခံတွေစုပေါင်းပြီး တရားခံ မဖမ်းနိုင်ရင် ရဲတပ်ဖွဲ့က တရားခံဖမ်းတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။