ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၇ ရက်
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်ခေါ် ကိုဂျိမ်းစ်ကို ယနေ့ ဒီဇင်ဘာလ ၇ ရက် မွန်းလွဲပိုင်းအချိန်က အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ကြောင်း ရန်ကုန်တရားရေးအသိုင်းအဝိုင်းထံကသိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ဒု-ဥက္ကဋ္ဌဟောင်း ကိုဂျိမ်းကိုနိုင်ငံရေးလှုပ်ရှားသည်ဟုဆိုကာ ဇွန်လ ၁၈ ရက်နေ့ကဖမ်းဆီးခံခဲ့ရပြီး ပုဓ်မ ၅၀၅ (က) တပ်ကာစစ်ကောင်စီကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
“မတရားဘူးပေါ့ဗျာ။ သူ့ကို ဒီနေ့လည်အထူးတရားရုံးမှာအမိန့်ချခဲ့တာပါ။ မတရားအမိန့်ချခံရတာပါ။ ကျန်တာတော့ မပြောချင်တော့ပါဘူး”ဟု ကိုဂျိမ်းစ်၏ ရှေ့ နေတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယခုလိုအမိန့်ချမှတ်ခံရမှုနှင့်ပတ်သက်ပြီး ဗကသအဖွဲ့ချုပ်ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်မှ “ဒီကိစ္စမှာ သူ့ရဲဘော်ရဲဘက်အနေနဲ့ရော၊ တစ်ချိန်က ဗကသမှာ တာဝန်ယူခဲ့တဲ့သူအနေနဲ့ရော မတရားတဲ့အမိန့်အောက်မှာ ဗကသမျိိုးဆက်တွေရော၊ ကျောင်း သားတွေရော ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့တာပဲ။ ဂျိမ်းစ်ဖြစ်တဲ့ကိစ္စမှာ အမေလည်းဆုံးရှုံးလိုက်ရ တယ်၊ သူ့ကိုလည်း ပုဒ်မမျိုးစုံနဲ့ထောင်သွင်းအကျဥ်း ချခံရတယ်။ စစ်အာ ဏာရှင်အမြစ်မပြတ်သေးသရွေ့ ဒါမျိုးတွေက မြန်မာပြည်သူတစ်ရပ်လုံးမှာ ရှိနေမှာပဲ”ဟု ဗကသခေါင်းဆောင် ကိုမင်းသွေးသစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်းမှ ဆက်လက်ပြီး” ဒီတိုက်ပွဲကတော့ နောက်ဆုံးတိုက် ပွဲလို့ ယူဆပါတယ်။ ယုံလည်းယုံကြည်တယ်။ အဓမ္မအပေါ်မှာ ဓမ္မကတစ်နေ့အနိုင်ရမှာပါ။ အချိန်တစ်ခုပေးဖို့ပဲလိုပါတယ်။ အဲဒီအချိန်တစ်ခုကို ပြည်သူတွေအကုန်လုံးရော ကျွန်တော်တို့ရော တောင့်ခံထားဖို့လို့ပါတယ်။ ကျွန်တော်တို့ နိုင်ကိုနိုင်မယ်ဆိုတဲ့ ယုံယုံကြည်ချက်ရှိတယ်”ဟု ဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင် ထောင်၀င်စာလက်ခံဌာနတွင် ဗုံးပေါက်ကွဲပစ်ခတ်မှုတွင် ထောင်ဝင်စာလာရောက်တွေဆုံသည့် ကိုဂျိမ်းစ်၏ မိခင် ထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။
စစ်ကောင်စီမှ ကိုဂျိမ်းစ်အား ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီမှ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည) ဖြင့်ထပ်မံစွဲဆိုထား
သဖြင့် ၄င်းအနေဖြင့်အဆိုပါ ပုဒ်မအားဆက်လက်တရားရင်ဆိုင်သွားရမည်ဖြစ်သည်။
#ဗသက #ကျောင်းသားခေါင်းဆောင်ဟောင်း #လင်းထက်နိုင် #ထောင် ၃နှစ် #ချမှတ်ခံရ #AyeyarwaddyTimes