ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၇ ရက်

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊ မင်းရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၆ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် NLD ပါတီဝင် ၄ ဦးအပါအဝင် အမျိုးသား ၆ ဦး ဖမ်းဆီးသတ် ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ NLD ပါတီဝင်များဖြစ်သည့် ဦးကျော်ဆောင်၊ ဦးခင်မောင်စိန်၊ကိုဟန်တင်၊ကိုမင်းဇော်၊ အသက် ၁၇ နှစ်အရွယ် ကိုအောင်ကိုမင်းနှင့် ကိုစိုးပိုင်တို့ဖြစ်ပြီး ယမန်နေ့ညပိုင်းက အမည်မသိလက် နက်ကိုင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ် ဖြတ်ခံရခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီးနောက် ရုပ်အလောင်းများကို မင်းရွာနှင့် ကူကုန်းရွာဇရပ်အနီးတွင်သတ်ဖြတ်စွန့်ပစ်ထားခဲ့သည်ဟုဆိုသည်။

“ည ၉ နာရီလောက်က ပျူစောထီးအဖွဲ့တွေ ကားနှစ်စီးနဲ့ လက်နက်တွေနဲ့ ရောက်လာပြီးတော့ ရွာက လူ ၄ ယောက်ကို နာမည်စာရင်းနဲ့ရှာပြီး ဖမ်းသွားတယ်။ ကျန်တဲ့နှစ်ယောက်က စာရင်းထဲမပါဘူး။ တစ်ယောက်ကထွက်ကြည့်လို့ပါတာ။ သတ်ခံရတဲ့အထဲမှာကြံ့ခိုင်ရေးပါတီ၀င်တစ်ယောက်လည်းပါတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ မည်သည့်အတွက်ကြောင့်သတ်ဖြတ်ခံရသည်ကိုမသိရသေးဘဲ ကျူးလွန်သူများမှာ စစ်ကောင်စီလက်အောက်ခံ မြင်းခြံပျူစောထီးအဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံများကဆိုသည်။

ဒေသတွင်းတော်လှန်ရေးအင်အားစု လူထုလှုပ်ရှားမှု ကော်မတီ-တောင်သာ မှလည်း နွားထိုးကြီးမြို့နယ် မင်းရွာဒေသခံအမျိုးသား ၆ ဦးကို ယမန်နေ့ညပိုင်းတွင် မြင်းခြံမြို့မှ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဦးဆောင်သည့်အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

နွားထိုးကြီးမြို့နယ်အပါအဝင် မန္တလေးတိုင်းအတွင်းမြို့ နယ်အများအပြားတွင် စစ်ကောင်စီလက်အောက်ခံပျူစောထီးများနှင့်သွေးသောက် အဖွဲ့များသည် NLD ပါတီဘဝင်များမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ထောက် ပံ့သည်ဟုဆိုကာ ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလပထမအပတ်အတွင်းတွင် နွားထိုးကြီးမြို့နယ် ဇေထိတ်ရွာနှင့်ထန်းတောရွာအကြားတွင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦး၊ လက်ပန်ရွာနှင့်ဇကြမ်းကုန်းရွာအကြားတွင် အမျိုးသား ၁ ဦးတို့၏ ပစ်ခတ်သတ်ဖြတ်ခံထားရသည့်ရုပ်အလောင်းများကိုတွေ့ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။

#နွားထိုးကြီး #NLD ပါတီဝင် #ဒေသခံ ၆ ဦး #ဖမ်းဆီးသတ်ဖြတ်ခံရ #AyeyarwaddyTimes