ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၇ ရက်
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးကို လိုင်းကြေး ၁ သိန်း ပေးကာ လောင်းကစားဝိုင်း ရက်တိုပြုလုပ်တာတွေပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ကြောင်သျှာကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နဲ့ ရာအိမ်မှူး ခင်ဇော်ထွန်းတို့ကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းတွေပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးကို လိုင်းကြေးပေးလုပ်တာ သူကဆက်ပေးလား မပေးလာတော့ သေချာမသိဘူး ၁ ရက် လုပ်မယ်ဆို ၅ သောင်းပေးရတယ်ပြောတယ် ၂ ရက်ဆို ၁ သိန်းပဲ အုပ်ချုပ်ရေးမှူးက နားလည်မှုနဲ့ ခွင့်ပြု ပေးတဲ့သဘောလုပ်နေတာလို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းပြုလုပ်တဲ့အခါ ခြောက်ကောင်ဂျင်၊ ဖဲဝိုင်း နဲ့ ကြက်ဝိုင်းတွေပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးကို လိုင်းကြေးပေးပြီး လောင်းကစားဝိုင်းပြုလုပ်လို့ ရပေမယ့် လာဖမ်းရင်တော့ တာဝန် ယူဖြေရှင်းပေးတာမျိုး သဘောတူထားတာမရှိဘူးလို့လည်း သိရပါတယ်။
ဓာတ်ပုံ-ပုံဟောင်းဖြစ်သည်။
#Ayeyarwaddy_Times