နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဒီဇင်ဘာလ ၇ ရက်

ဧရာဝတီတိုင်းမှာ ဒီဇင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ အမျိုးသားရေးအစွန်းရောက် သားအမိ ၂ ဦး ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စုက စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနဲ့ ရာအိမ်မှူးအဖွဲ့ စုစုပေါင်း ၃ ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ည ၉ နာရီခွဲလောက်မှာ ဆားကျင်း ကျေးရွာနဲ့ တိုးကျေးရွာတောစပ်အကြားမှာ ဝင်ရောက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆားကျင်းရွာသွား ဧည့်စာရင်းစစ်ပြီး ပြန်လာတာကို ဝင်ပစ်သွားတာလို့ ကြားတယ်။ အုပ်ချုပ်ရေးမှူးကို ၂ ချက်ထိသွားတယ်။ သေမသေတော့ မသိရဘူး။ လောလောဆယ် စစ်ကောင်စီတပ်တွေ ရှုပ်နေတယ်”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အဲ့ဒီနေ့ညပိုင်းမှာပဲ မော်လမြိုင်ကျွန်းမြို့နယ်၊ ရှောင်ချောင်းအုပ်စု၊ မျောချောင်းကျေးရွာမှာ ကြံ့ခိုင်ရေး ပါတီ ဝန်းရံပြီး အမျိုးသားရေးလှုပ်ရှားသူ ဦးမင်းမင်းနဲ့ မိခင်ဖြစ်သူတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခတ် တာတွေပြုလုပ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဦးမင်းမင်းနဲ့ သူ့အမေလိုက်လာတဲ့ စက်လှေကို အမျိုးသား ၂ ဦးက စက်လှေနဲ့ဘေးချင်းကပ်ပြီး ပစ်သွားတာ။ ဦးမင်းမင်းက ခေါင်းနဲ့ခြေထောက် ထိသွားတယ်။ သူ့အမေက ရင်ဘတ် ၁ ချက်ထိတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားရေးအစွန်းရောက် သားအမိ ၂ ဦးကို ပစ်ခတ်မှုခံရပြီး နောက်ပိုင်း စစ်ကောင်စီက တပ်ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

#Ayeyarwaddy_Times