ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၇ ရက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီရှေ့တန်းစစ်အခြေစိုက် စခန်း ၄ ခု ဒီဇင်ဘာလ ၆ ရက် မနေ့ မနက်အစောပိုင်းမှာ တပြိုင်နက်ထဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ မဲဝိုင်စခန်း၊ ခေါပုတ်-ဒါးကွင်းဒေသတဝိုက်ရှိတပ်စခန်း ၂ ခုနဲ့ မဲသလွတ်စစ်ကောင်စီတပ် စခန်းတွေကို မနက် ၅ နာရီနဲ့ ၇ နာရီအကြားမှာ တပြိုင် နက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်းဗုံးအလုံး ၈၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးမှုများပြားတယ်လို့ တပ်မဟာ ၅ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

”မနေ့ မနက် ၅ နာရီခွဲကျော်လောက်ကနေစပြီး မဲဝိုင်စခန်း ရယ်၊ ခေါပုတ်စခန်းရယ် အဲ့ဒီနားကနောက်စခန်း ၁ ခုရယ် ၊ နောက်မဲသလွတ်စခန်းတွေကို တပြိုင်ထဲတိုက်တာ။ စခန်း ၄ ခုကို ဒရုန်း ၁၀ စီးလောက်နဲ့ ဒရုန်းဗုံးအလုံး ၈၀ လောက်ကြဲချပြီး ဝိုင်းပစ်တာပေါ့ ။ ခုထိတော့ရှင်းနေတုန်းဘဲ၊ ဒီကောင်တွေ ထိခိုက်သေဆုံးတော့များတယ်။ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိတာရှိတယ်” လို့ KNLA တပ်မဟာ ၅ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်စခန်းတွေတိုက်ခိုက်ခံရပြီး အထိနာခဲ့လို့ လက်နက်ကြီးပစ်ကူတွေအပြင် ခေါပုတ်စခန်းနှင့်အနီး တဝိုက်အား မနက် ၈ နာရီဝန်းကျင်တွင် ၁ ကြိမ် ၊ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ၁ ကြိမ် လေကြောင်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ဆက်လက်ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို KNLA တပ်မဟာ ၅ တပ်ရင်းတွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ FFD ဒရုန်းတပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ – FFD ဒရုန်းတပ်ဖွဲ့။

#KNU #တပ်မဟာ ၅ #တိုက်ပွဲသတင်း #Ayeyarwaddy_Times