ဧရာဝတီတိုင်းမ်
(ကန့်ဘလူ)၊ ဒီဇင်ဘာလ ၇ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များတွင် နိုဝင်ဘာလမှစတင်၍ ယနေ့အချိန်အထိ စစ်ကောင်စီမှ ဒေသတွင်းကျေးရွာများမှ ဒေသခံများအား အတင်းအဓမ္မစစ်သတင်တန်းများတက်ခိုင်းနေကြောင်း သတင်းရရှိသည်။

ကန့်ဘလူခရိုင်အတွင်းက PDF များ နယ်မြေစိုးမိုးနိုင်ခြင်းမရှိသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်သားများက ဒေသခံရွာသားများကို မဖြစ်မနေ ပျူစောထီးစစ်သင်တန်း တက်ရောက်ခိုင်းနေကြောင်း သိရသည်။

“ကျွန်းလှမှာဆိုPDFထိန်းချုပ်ထားတယ်နယ်မြေရှိတယ်။ အဲ့ဘက်မှာတော့စစ်သင်တန်းပေးတာမဖြစ်ဘူး။ မြို့ပေါ်နဲ့နီးတဲ့ကျေးရွာစု ၁၄ ခုမှာတော့ခုလိုစစ်သင်တန်းပေးတာတွေရှိတယ်။ တရွာကိုလူဘယ်လောက်ပေးရမယ်ပေါ့တောင်းတာ။ မပေးနိုင်ရင် ဆယ်အိမ်စုစီကိုမဲနှိုက်ခိုင်းပြီး ကျတဲ့အိမ်ကသူကတက်ရတယ်။ ကျန်တဲ့အိမ်ကယူနီဖောင်းဖိုး၊စားစရိတ်၊သင်တန်းစရိတ်တွက် လစဉ်ကြေးပိုက်ဆံ‌ထည့်ရတယ်။ ပြီးရင်တော့စစ်ကြောင်းထိုးရင်အင်အားဖြည့်ခေါ်သွားတက်ကြတယ်။ တချို့မလိုက်ချင်တဲ့သူအများစုကPDFထဲဝင်သွားကြတာတွေရှိတယ်” ဟု ကျွန်းလှဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျွန်းလှမြို့နယ်တွင်စစ်ကောင်စီမှ ၎င်းတို့အထိနာသည့်အချိန်များတွင် ကျေးရွာများမှ အမျိုးသမီးများပါမကျန် ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ စစ်သင်တန်းများတက်ခိုင်းနေပြီး ကျေးရွာရှိပျူစောထီးအဖွဲ့တစ်ခုတွင် သေနက် ၃ လက်ခန့်သာ ပေးထားကြောင်း ဒေသခံများထံမှသိရသည်။

“ကန့်ဘလူဘက်မှာက ဘုန်းကြီးဦးဝါသဝနေတဲ့ဘက်မှာတော့ အဲ့လိုသင်တန်းတက်ခိုင်းတာတော်တော်များတယ်။ ဗုဒ္ဓဘာသာ နဲ့အစ္စလာမ်ဘာသာ တွဲလျက် နေထိုင်တဲ့ ရွာတွေက ရွာသားအချို့က ဆန္ဒရှိရှိ တက်ကြပြီး ကျန်တာ တွေ ကတော့ ခြိမ်းခြောက်ပီး တက်ခိုင်းတာတို့ ငွေညစ်ပြီး တက်ခိုင်းတာတို့ကြောင့် တက်ရတာ။ ခေါင်းစဥ်ကတရွာတမျိုး မရိုးရအောင် တပ်ပြီးခေါ်နေတာ။ ရပ်ရွာလုံခြုံရေးတို့အဲ့လိုမျိုးပေါ့။ စကစဘက်မှာ ပျူသင်တန်းပေးနေတဲ့စစ်သားတွေက သပ်သပ်ကိုရှိနေတာ” ဟု ကန့်ဘလူခရိုင် တပ်ရင်း(၄)မှတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကန့်ဘလူနယ်ထဲတွင် ဂါးတာရွာ၊ ဆည်ကြီးရွာ၊ ငတို့ရွာ၊ တပင်ရွာ၊ ပေကြီးရွာ၊ ယမနေရွာ၊ နတ်ပေးရွာ၊ နတ်အင်းရွာများ အပါအဝင် ပျူစောထီးရွာ (၄၃)ရွာအထိရှိနေကာ ပျူစောထီးစစ်သား ၈၀၀ ဝန်းကျင်အား လက်နက်တပ်ဆင်ပေးထားကြောင်း သိရသည်။

“ဒါကစကစရဲ့လုပ်နေကြအကွက်‌ပါ။ စစ်ရေးအခြေနေအရေးနိမ့်ရင် ပေါ်တာဆွဲမယ်။ အတင်းကြပ်စစ်ထဲဝင်ခိုင်းမယ်၊ ကလေးစစ်သားတွေ စုဆောင်းမယ်။ ထူးထူးခြားခြား မြင်တာမျိုးတော့မရှိပါဘူး။ ဒါသူတို့ လုပ်နေကြ အကွက်တွေလို့ပဲမြင်တယ်” ဟု ကန့်ဘလူခရိုင်တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးမှ သုံးသပ်ပြောဆိုသည်။

ကန့်ဘလူခရိုင်တွင် ယခုနှစ် ဧပြီလမှစတင်ပြီး ယခုကဲ့သို့ ပြည်သူများအား အတင်းအဓမ္မပျူစောထီးခေါ် စစ်သင်တန်းပေးခြင်းများပြုလုပ်နေပြီး နိုဝင်ဘာလအတွင်းတွင်မူ စစ်သင်တန်းတက်ရောက်ရန် ယခင်ကထက် ဖိအားပေးခိုင်းစေမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ – ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာမှဘုန်းကြီးဦးဝါသဝမှ ဒီဇင်ဘာ ၂ ရက်နေ့တွင် ပျူစောထီးသင်တန်းဆင်းပွဲပြုလုက်နေပုံ
#ကန့်ဘလူ #ပျူစောထီး #စစ်ကောင်စီ #စစ်သင်တန်း
#Ayeyarwaddy_Times