ဧရာဝတီတိုင်းမ်
(မုဒုံ)၊ ဒီဇင်ဘာလ ၇ ရက်

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား ဒီဇင်ဘာလ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် Mudon People Defense Forceမှ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြို့မ(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မုဒုံ PDF က အနီးကပ်ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရာအိမ်မှူးတစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရခဲ့ကာ မော်လမြိုင်စစ်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

“အာလုံးပေါင်း ၄ ယောက်ထိတာပါ။ ရာအိမ်မှူးပါထိပြီးသေတယ်။ မနေ့ကမနက်မှာနောက်တ‌စ်ယောက်ထပ်သေတယ်ကြားတယ်။ သူတို့ကနေ့တိုင်းရုံးလာ ရုံးတက်နေတဲ့သူတွေ။ အုပ်ချုပ်ရေးမှူးကလွတ်သွားတာ။ အဲ့ဒီအချိန်သူလက်ဖက်ရည်ထွက်သောက်နေလို့။ အဲ့ဒီဖြစ်စဉ်ကြောင့် မဆိုင်တဲ့ပြည်သူတွေဖမ်းခံထားရတယ်လို့သိရတယ်။ မဆိုင်တဲ့ပြည်သူတွေဆိုတာသိစေချင်ပါတယ်” ဟု Mudon People Defense Force၏ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်အပြီး စစ်ကောင်စီမှ မုဒုံမြို့တွင်းလုံခြုံရေးတင်းကြပ်မှုများပြုလုပ်ထားပြီး ဒေသခံအချို့အား Proboxကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်ဖက်ရေးရာထောက်လှမ်းရေး များစီးနင်းလာသည့်ကားအား ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးထိမှန်ဒဏ်ရာရခဲ့ပြီး ကားမှာပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရသိရသည်။

#မုဒုံ #မြို့မ၂ရပ်ကွက် #ဗုံးခွဲတိုက်ခိုက်ခံရ #ရာအိမ်မှူး #သေဆုံး
#Ayeyarwaddy_Times