ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၇ ရက်
အာဏာသိမ်းစစ်ကောင်စီ၏ စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့သော ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို ယနေ့ မနက်ပိုင်းက ကြိုးပေးကွပ်မျက်လိုက်သည်ဆိုတောသတင်းမှာ မှားယွင်းကြောင်းနှင့် ၎င်းတို့အတွက် အသနားခံစာ တင်ထားဆဲဖြစ်ကြောင်း မိသားစုဝင်များနှင့် အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်များထံမှ သိရသည်။
“အပြင်မှာပြောနေတာမျိုး ကြိုးပေးသတ်တာ မရှိပါဘူး။ ကျမတို့အနေနဲ့ ဥပဒေကြောင်းအရ ခုခံနိုင်ဖို့ဆက်ကြိုးစားနေတယ်”ဟု သေဒဏ်ချမှတ်ခံထားရသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ကိုသူရမောင်မောင်၏ မိသားစုဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက တောင်ဒဂုံမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ အသတ်ခံရသည့် ကိစ္စနှင့်ပတ်သတ်၍ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို စွပ်စွဲဖမ်းဆီးခဲ့ပြီး စစ်ခုံရုံးဖြင့် ကြားနာစစ်ဆေးခဲ့သည်။
စစ်ကောင်စီက ကျောင်းသားများကို အင်းစိန်ထောင်၌ ဖမ်းဆီးထိမ်းသိမ်းထားပြီးနောက် ဥပဒေအရ ခုခံချေပခွင့်မပေးဘဲ စစ်ခုံရုံးဖြင့် ပြိးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
သေဒဏ်ချမှတ်ခံထားရသော ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်
ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့ကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကြိုးပေးကွပ်မျက်မည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။
ယနေ့ မနက်အထိ သေဒဏ်ချမှတ်ခံထားရသော ကျောင်းသား ၇ ဦး အင်းစိန်ထောင်အတွင်း၌ ကျန်းမာစွာ ရှိနေကြောင်း အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောသည်။
“ကျနော် ဒီမနက် ဂျူတီကထွက်လာတဲ့အထိ ထောင်ထဲမှာ သူတို့အေးအေးဆေးဆေးပါပဲ။ ဘာပြသနာမှ မရှိပါဘူး”ဟု အင်းစိန်ထောင်တွင် တာဝန်ထမ်းဆောင်နေသည့် အကျဥ်းဦးစီးဌာန ဝန်ထမ်းက ပြောသည်။
သေဒဏ်ချမှတ်ခံထားရသော ကျောင်းသားများက ဒီဇင်ဘာလ ၆ ရက်နေ့က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်၊ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့ထံ အသနားခံစာ တင်ထားကြောင်း ကျောင်းသားများ၏ မိသားစုဝင်များထံက သိရသည်။
“အယူခံတင်ဖို့တော့ အခွင့်မရဘူး။ အသနားခံစာပဲရမယ်ဆိုလို့ မနေ့က ဌာန ၇ ခုကို ကလေးတွေဘက်က လိုက်ပါပေးနေတဲ့ ရှေ့နေက အားချင်းတင်ပေးလိုက်တယ်။ မိသားစုဝင်တွေကတော့ သောကချည်းပဲပေါ့”ဟု ကိုသူရမောင်မောင်၏အစ်မဖြစ်သူက ပြောသည်။
၎င်းတို့အားလုံးသည် မတရားဖမ်းဆီး စွပ်စွဲခြင်းခံရခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုသည် ၎င်းတို့ကို ဆန့်ကျင်သူ မှန်သမျှကို မတော်လှန်ရဲစေရန် မတရားသောပြစ်ဒဏ်များဖြင့် ချမှတ်နေပြီး ယခုလို သေဟဏ်ပေးခြင်းသည် ပြည်သူကိုစိန်ခေါ်ခြင်းဖြစ်ကာ မိုက်ရူးရဲဆန်ခြင်းဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် – ဗကသ က ကြေညာချက် ထုတ်ပြန်ထားသည်။