ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ ဒီဇင်ဘာလ ၇ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သရက်ငုတ်ကျေးရွာအနီးတွင် ဝန်ကြီးချုပ်လမ်းကြောင်းအတွက် ခြေလျင်လုံခြုံရေးယူပေးသည့် စစ်ကောင်စီတပ်အား ဒီဇင်ဘာလ ၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force မှ သတင်းထုတ်ပြန်ထားသည်။

ဖောင်းတောကြီးရေအားလျှပ်စစ်စီမံကိန်းသို့ကွင်းဆင်းသွားရောက်မည့် စစ်ကောင်စီ၏ တနင်္သာရီတိုင်းဝန်ကြီးချုပ်လမ်းကြောင်းအား လုံခြုံရေးယူပေးနေသည့် အင်အား ၃၀၀ ဝန်းကျင်ပါ‌ခြေလျင်စစ်ကြောင်းအား Dawei Guerrilla Revolutionary Forceမှ ထားဝယ်-ထီးခီးလမ်းပိုင်း တစ်နေရာတွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့စောင့်တဲ့နေရာက နေရာကောင်းပြီးလက်ဦးမှုယူနိုင်တော့ သူတို့ဘက်က သိရသလောက် ၅ယောက်ကျတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ လမ်းတစ်လျှောက်လုံခြုံရေးယူတဲ့သဘောပါ၊ ကျွန်ဝောာ်တို့ဘက်က တယောက်ကျည်ထိတယ်၊ အဲ့ဒီစစ်ကြောင်းမှာ စက်သေနတ်ပါတဲ့ကားပါရှိတယ်အဲ့တာနဲ့ပါပစ်တယ်၊ ခုတော့လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ပါတယ်။” ဟု Dawei Guerrilla Revolutionary Force၏ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

၁၅ မိနစ်ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များသာမက စက်သေနတ်များပါအသုံးပြုခဲ့သောကြောင့် တော်လှန်ရေးရဲဘော်တစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထားဝယ်(ပ.က.ဖ)အဖွဲ့ DGRFနှင့် ပူးပေါင်းအဖွဲ့များသည် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း အင်းအား၂၀၀ပါခြေလျင်စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံမှုများရှိခဲ့ကြောင်း ထားဝယ်(ပ.က.ဖ)အဖွဲ့ DGRFထံမှ သိရသည်။

#ထားဝယ် #ဝန်ကြီးချုပ် #လုံခြုံရေး #စစ်ကောင်စီ
#Ayeyarwaddy_Times