ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၆ ရက်
ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းချိန်မှာ CDMပြုလုပ်ခါ ကရင်နီပြည်မှာ တော်လှန်ရေးတပ်သားအဖြစ်တာ၀န်ထမ်းဆောင်နေသူတစ်ဦး နို၀င်ဘာ၂၇ရက်နေ့ကကျဆုံးသွားတယ်လို့ ရဲCDMအသိုင်းအ၀န်းကနေသိရပါတယ်။
ကျဆုံးသွားသူဟာ ရဲဒုတပ်ကြပ်ကျော်လင်းအောင်ဆိုသူဖြစ်ပြီး နို၀င်ဘာလ ၂၇ ရက်နေ့ကကရင်နီပြည်နယ်၊ ဖရူဆိုမြို့ရှေ့တန်းတစ်နေရာမှာ စစ်ကောင်စီတပ်တွေထောင်ထားတဲ့မိုင်းတွေကို ရှင်းလင်းစဥ် ပေါက်ကွဲမှုဖြစ်ကာ ကျဆုံးခဲ့တာလို့သိရပါတယ်။
“ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့ကနေCDMလုပ်သွားတာအဲ့နောက်ပိုင်း ကရင်နီပြည်နယ်ကိုရောက်သွားတယ်။ တိုက်ပွဲကျတာတော့ နို၀င်ဘာလထဲမှာကျသွားတာ။ သူကရဲဒုတပ်ကြပ်အဆင့်ရှိတယ်ပြည်သူနဲ့အတူရပ်တည်ပြီးတော့
တော်လှန်ရေးမှာပါ၀င်နေတာ ဧရာ၀တီတိုင်းထဲမှာ CDMရဲ တိုက်ပွဲကျတာသူနဲ့ပါဆို၂ဦးရှိပါပြီ”လို့ ရဲတပ်ဖွဲ့ CDMတစ်ဦးက ဧရာဝတီတိိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်က ဧရာ၀တီတိုင်းတွင်းတစ်နေရာမှာ ပုသိမ်မြို့ သင်္ဘောကျဥ်းနယ်မြေရဲစခန်းကနေ CDMပြုလုပ်ပြီးစစ်အုပ်စုကိုတော်လှန်နေတဲ့CDM Police Defence Force (CPDF) က ရဲဘော်သော်ဇင်စိုး(ခေါ်)ကောက်ကွေး ဆိုသူဟာ လက်လုပ်မိုင်းစမ်းသပ်ပြုလုပ်ရာက မတော်တဆပေါက်ကွဲပြီးကျဆုံးခဲ့ရတယ်လို့သိရပါတယ်။