နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဒီဇင်ဘာလ ၆ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းက NLD ပါတီရဲ့ ခရိုင်အလုပ်မှုဆောင် နေအိမ်ကို စစ်ကောင်စီတပ်သားတွေနဲ့ သတင်းပေးဒလန်တွေက ဝင်ရောက်ဖောက်ထွင်းတာတွေ ပြုလုပ် ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်ဝိုင်းကျေးရွာမှာရှိတဲ့ NLD ပါတီရဲ့ ခရိုင်အလုပ်မှုဆောင် တစ်ဦးရဲ့နေအိမ်ကို စစ်ကောင်စီ တပ်သားတွေ လက်အောက်ခံ ရဲတွေနဲ့ အတူ ကျေးရွာက အုပ်ချုပ်ရေးအဖွဲ့နဲ့ သတင်းပေးဒလန်တွေ ပေါင်းပြီး ဝင်ရောက်ဖောက်ထွင်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဒလန်တွေရော ရဲတွေရောပါတယ် စစ်တပ်လည်းပါတယ် အဲ့လိုမျိုးလုပ်တာ ၂ ခါရှိသွားပြီ ခုလည်း ဘာတွေပါသွားတယ်မသိဘူး တံခါးတွေရိုက်ဖွင့်ပြီး အခန်းတွေကိုပါ ဖျက်ဝင်သွားတာ ဘာတွေခိုးသွားလည်း မသိဘူး” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

နေအိမ်ဖောက်ထွင်းဝင်ရောက်မှုဟာ စစ်ကောင်စီတပ်ရဲ့ ဂျီဝမ်း အဆင့်ရှိတဲ့ ဒုဗိုလ်မှူးကြီး နိုင်လွင် ကိုယ်တိုင် ဦးဆောင်ခဲ့တာဖြစ်ပြီး နေအိမ်ကတွေ ဘာပစ္စည်းတွေယူဆောင်သွားတယ်ဆိုတာကိုတော့ အတည်ကျမသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ သတင်းပေးဒလန်တွေရဲ့ ဖောက်ထွင်းမှုကို ခံခဲ့ရတဲ့ NLD ပါတီရဲ့ ခရိုင် အလုပ်မှုဆောင်ရဲ့ နေအိမ်ဟာ ခုအကြိမ်ပါဆိုရင် ဖောက်ထွင်းခံရတာ ၂ ကြိမ်ထိရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

#Ayeyarwaddy_Times