ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာလ ၆ ရက်

ချင်းပြည်နယ် မတူပီမြို့တွင် လက်ရှိ အခြေအနေအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေပြီး ပြည်မဘက် အပါအဝင် ကုန်သွယ်မှု ရပ်တန့်လုနီးပါး ဖြစ်နေရာ ဝ ဥ အရောင်းအဝယ် ဈေးကွက်လည်း ရပ်တန့်နေကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာ မသိမ်းခင်က ဝ ဥ ကို အဓိက စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကာ ပြည်တွင်း ပြည်ပသို့ ပို့ဆောင် ရောင်းချလျက် ရှိကြောင်း၊ လက်ရှိမှာ မတူပီမြို့ ကုန်သည်များက ယခင်ကကဲ့သို့ ဝ ဥ အစို၊ ဝ ဥ အခြောက်များကို ဝယ်ယူမှုမရှိဘဲ ရပ်တန့် နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဒေသခံ အမျိုးသားတစ်ဦးက “စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ပြည်မဘက်နဲ့ ကုန်သွယ်မှု ပြတ်တောက်ပြီးတော့ ဝဥဈေးကွက်က လုံးဝ ရပ်တန့် သွားပါတယ်။ ယခင် စစ်အာဏာ မသိမ်းခင်တုန်းကတော့ ဒေသခံတွေက စီးပွားရေးအဖြစ် ဝဥကို အဓိက ဦးစားပေး အနေနဲ့ ချင်းပြည်နယ် တစ်ဝန်းမှာ စိုက်ပျိုးကြတယ်။ နိုင်ငံရေး တည်ငြိမ်တုန်းကတော့ ဝ ဥ အခြောက် တစ်ပိဿာကို တစ်သောင်းကနေ နှစ်သောင်းနီးပါး အထိ ဈေးနှုန်းရနေပါတယ်။ အခုတော့ ဝ ဥ ဈေးကွက်က လုံးဝ ရပ်တန့်နေတဲ့ အခြေအနေပါ။ ဒါပေမယ့် ဒေသခံတွေကတော့ နိုင်ငံရေး ပြန်လည် တည်ငြိမ်ရင် ယခင်လိုပဲ ဈေး ကောင်းကောင်းနဲ့ ပြန်ရောင်းလို့ ရနိုင်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ မိမိခြံဝန်းတွေမှာ ဝ ဥတွေ ဆက်လက် စိုက်ပျိုးနေကြ ပါတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ယခင် စစ်ကောင်စီက အာဏာမသိမ်းခင် မတူပီမြို့တွင် ဝ ဥ အခြောက် တစ်ပိဿာလျှင် ကျပ် တစ်သောင်းမှ နှစ်သောင်း နီးပါး အထိ ဈေးပေါက်နေပြီး မတူပီမြို့မှ မန္တလေးမြို့သို့ အဓိက တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း ဝ ဥ ကုန်သည် တစ်ချို့ ထံမှ သိရသည်။

မတူပီမြို့နယ်က ဒေသခံပြည်သူ ၅၀၀၀ ကျော်သည် ပြည်တွင်း၊ ပြည်ပများသို့ စစ်ဘေးရှောင်နေကြရပြီး နိုင်ငံရေး အခြေအနေကြောင့် ပြည်မဘက်သို့ ဝ ဥ တင်ပို့ရန် အခက်ကြုံနေရခြင်း ဖြစ်ကြောင်း ဝ ဥ ကုန်သည် တစ်ဦးကလည်း ပြောပြသည်။

ဝ ဥ ကုန်သည် အမျိုးသမီးတစ်ဦး ကလည်း“နိုင်ငံရေး အခြေအနေကြောင့် ဝ ဥ တွေကို ပြည်မဘက်မှာ ယခင်လို ဆင်ပြေချောမွေ့စွာနဲ့ တင်ပို့နိုင်ဖို့ ဆိုတာ အလွန် ခက်ခဲပါတယ်။ မတူပီ-မင်းတပ် ကြားမှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေသလို မကွေးတိုင်း၊ ကျောက်ထု၊ ပေါက်မြို့ ဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ မတူပီမြို့ကနေ မန္တလေးမြို့အထိ ဝ ဥ ရောင်းဝယ်ဖို့ ဆိုတာ လုံခြုံရေးအရရော လမ်းခရီးပိုင်းမှာပါ လုံးဝ အဆင်မပြေနိုင်တော့တဲ့ အတွက် ဝ ဥ ဈေးကွက်က ရပ်တန့်နေတာပါ။ မတူပီမြို့က ဝ ဥ ကုန်သည်အများစုလည်း စစ်ဘေးရှောင်နေကြရတယ်”ဟု ပြောသည်။

မတူပီမြို့နယ်မှ တစ်နှစ်လျှင် ဝ ဥ အခြောက် ပိဿာ ၂ သောင်းခန့် နှစ်စဉ် တင်ပို့ရောင်းချနိုင်ကြောင်း သိရပြီး ဝယ်ယူနှုန်းအပေါ် မူတည်ကာ ဈေးကွက်သို့ တင်သွင်းကြောင်းလည်း ကုန်သည်များထံမှ သိရသည်။

“ဝ ဥ အခြောက်တွေကို ဆောင်းရာသီနှင့် နွေရာသီတွေမှာ အဓိက အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ဆောင်းရာသီ အစပိုင်းမှာတော့ ဝ ဥ အခြောက် တစ်ပိဿာကို ၁၂၀၀၀ / ၁၃၀၀၀ နှုန်းနဲ့ ကုန်သည်တွေက ဝယ်ယူကြတယ်။ နွေရာသီ ကုန်ဆုံးခါနီးမှာတော့ ဝ ဥ အခြောက်တွေ ရောင်းဝယ်မှု တစ်ဖြည်းဖြည်းနည်းပါး လာတဲ့အခါမှာ တစ်ပိဿာကို ၁၈၀၀၀/ ၂၀၀၀၀ ဈေးနှုန်းအထိ ဈေးပေါက်တယ်”ဟု ဒေသခံအမျိုးသား တစ်ဦးကလည်း ရှင်းလင်း ပြောကြားသည်။

လက်ရှိ မတူပီမြို့တွင် ဝ ဥ အခြောက် တစ်ပိဿာလျှင် ကျပ် ၇၀၀၀ နှုန်းဖြင့် ကုန်သည်တစ်ချို့က ဝယ်ယူရန် ပြောဆိုနေကြောင်း သိရပြီး ဈေးနှုန်းကျဆင်းခြင်းနှင့် လွတ်လပ်စွာ သွားလာခွင့် မရှိခြင်းတို့ကြောင့် ဒေသခံများက ရောင်းဝယ်ခြင်း မပြုကြကြောင်းလည်း သိရသည်။

#မတူပီ #ဝဥ #စီးပွား​ဖြစ်စိုက်ပျိုး #ရပ်တန့်
#Ayeyarwaddy_Times