ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၆ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့အခြေစိုက် သတင်းထောက် ကိုမျိုးစံစိုးကို စစ်ကောင်စီက နိုဝင်ဘာလ ၃၀ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ပြီး ပုသိမ်အကျဉ်းထောင်ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ ပိုဆောင် ခဲ့တယ်လို့ အကျဉ်းထောင်အသိုင်းဝိုင်းက သိရပါတယ်။
ဖျာပုံအကျဉ်းထောင်ကနေ သတင်းထောက် ကိုမျိုးစံစိုးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ပြီးနောက်ပိုင်း ပုသိမ်အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ချိန်မှာ ထောင်ဝင်စာပို့ခွင့်ပါ ပိတ်ပင်ခဲ့တာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“မိသားစုက ဖျာပုံမှာ ကိုမျိုးစံစိုးက ပုသိမ်မှာ အဲ့တော့ ထောင်ဝင်စာပိုဖို့လည်းမလွယ်ဘူး ကျန်တဲ့သူတွေ လည်း ပိုလို့မရဘူး အဲ့လိုမျိုးဖြစ်နေတာ ကိုမျိုးစံစိုးက ထောင်ဝင်စာပို့ခွင့်မရတော့ ပိုအခက်အခဲဖြစ်တာပေါ့” လို့ အကျဉ်းထောင်နဲ့နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ထောင်ဝင်စာပို့ခွင့်မရတာကြောင့် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတဲ့ သတင်းထောက် ကိုမျိုးစံစိုးဟာ အကျဉ်းထောင်က ပေးတဲ့ ထမင်းကိုသာ နေ့စဉ်စားသောက်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက သတင်းထောက်ကိုမျိုးစံစိုးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။