ဧရာဝတီတ်ိုင်းမ်
ဒီဇင်ဘာလ ၆ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီဒေါက်တိုင် ၃ နေရာနှင့် စစ်ကောင်စီယာဥ်တန်း ၂ ခုကို ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် ည ၁ဝ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ည မောင်းမကန်နယ်မြေရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသည့် လောင်းလုံမြေစာရင်းဦးစီးဌာနရုံးတို့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများသည်ဟုဆိုသည်။

” မနေ့ညက သေနတ်သံတွေကို ဆူညံနေရော။ မောင်းမကန်ရဲစခန်းနဲ့ စကစတပ်စွဲတဲ့လောင်းလုံမြေစာရင်းရုံး တစ်ပြိုင်နက်ထဲ တိုက်ခံရတာလို့သိရတယ်။ စစ်တပ်ဘက်က အထိခိုက်အသေဆုံးများတယ်။ သေတဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို အရေးပေါ်လူနာတင်ယာဥ်တွေနဲ့ပို့ရတာ တစ်ညလုံး စစ်တပ်က အလုပ်တွေရှုပ်နေကြတယ်” လို့ လောင်းလုံဒေသ ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

စစ်အုပ်စုဘက်မှအထိနာသဖြင့် အဆိုပါနေရာများသို့ထားဝယ််အခြေစိုက်စစ်တပ်များမှ စစ်ကူပေးလာရောက်သည့် စစ်ယာဥ်တန်း ၆ စီးကို မောင်းမကန်သုံးထပ်ကွေ့တွင်စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ယာဥ်တစ်စီးမီးလောင်ခဲ့ကြောင်းသိရသည်။

” အဲ့ဒီမောင်းမကန်ဘက်မှာဖြစ်နေတာကို သူတို့(စကစ) ဘက်က စစ်ကူပေးလားတဲ့ကားတွေကို သုံးထပ်ကွေ့ကနေစောင့်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးတွေထပ်များတယ်။လူတွေလည်းထိတယ် စစ်ကားလည်းမီး လောင်သွားတယ်” ဟု ထားဝယ်ခရိုင် PDF တပ်ရင်းနှင့်နီးစပ်သူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် အဆိုပါယမန်နေ့ညပိုင်းမှာပင် လောင်းလုံမြို့နာမည်ကြီး ပျူစောထီးခေါင်းဆောင်နေထိုင်သည့် ဦးလေးလေး ပျူစောထီးစခန်းကိုတိုက်ခိုက်ခဲ့ပြီး တပ်ကူရောက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကရင်ကြီးရွာအနီးတွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” မနေ့က စစ်ကောင်စီဘက်က လမ်းကြောင်းနှစ်ခုနဲ့ စစ်ကူလာတာ။ တော်လှန်ရေးအဖွဲ့တွေဘက်က ဖြန့်ပြီးတိုက်တာ။ လောင်းလုံမြို့ပေါ်ဘက် စစ်ကောင်စီတပ်စွဲတဲ့နေရာတွေကိုတိုက်တယ်။ ဦးလေးလေးဆိုတာက အိမ်ရော ပျူစခန်းရောတွဲဖွင့်ထားတာ နာမည် ကြီးပျူစောထီး။ သူ့အိမ်ကိုဝင်တိုက်တာမှာသူတော့မသေဘူး။ သူ့ဆီစစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကရင်ကြီးရွာနားမှာစောင့်တိုက်ခိုက်လို့အဲ့ဒီမှာလည်းထိတာတွေရှိတယ်” လို့ ထားဝယ်ခရိုင်PDF နဲ့နီးစပ်သူကဆက်လက်ပြောပါတယ်။

ယမန်နေ့ညတွင် လောင်းလုံမြို့နယ်နေရာအများအပြားတွင်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှထိခိုက်သေဆုံးဒဏ်ရာရမှုများပြားသဖြင့် ထားဝယ်မြို့အခြေ စိုက် အမှတ် ၁၂ တပ်ဆေးရုံ ကုတင် ၁၀၀ (တဆရ ၁၂/ ၁၀၀)တွင် ကုတင်မဆန့်သည်အထိ ပို့ဆောင်ကုသမှုများ ပြားနေကြောင်း သိရသည်။

”ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေနဲ့ သေဆုံးတဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို ထားဝယ်စစ် ဆေးရုံကိုမနေ့ညကလည်း အခေါက်ခေါက်ပို့ရတာ။ အဲ့ဒီစစ်ဆေးရုံမှာ လူနာထားဖို့ကုတင်မဆန့်တော့ဘူး လို့သိရတယ်” ဟု ထားဝယ်ဒေသခံတစ်ဦးကပြော သည်။

အဆိုပါ တိုက်ခိုက်မှုများအား တော်လှန်ရေးအင်အားစုများဘက်မှ ထုတ်ပြန်ထားခြင်းမရှိသေးပါ။ တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာ အနီးတဝိုက်နှင့် သဘောဆိပ်ရွာ၊ကရင်ကြီးရွာ အနီးတွင် စစ်ကောင်စီတပ်များ တောနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

#Ayeyarwaddy_Times