ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနက်ဖြန် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိမှာဖြစ်ပြီး သူရဲ့လုံခြုံရေးအတွက် စည်း ၃ စည်းခြားပြီးပြင်ဆင်နေတယ်လို့ ရန်ကုန်စစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီကသိရပါတယ်။
မှော်ဘီအမျိုးသမီးဗိုလ်သင်တန်း(OTS) အမှတ်စဥ် ၉ သင်တန်းဆင်းပွဲတက် ရောက်ဖို့အတွက်လာရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။
” မနက်ဖြန်ရန်ကုန်ရောက်မယ်။ ဘယ်တွေကိုသွားမယ်တော့မသိဘူး။ မှော်ဘီအမျိုးသမီးဗိုလ်သင်တန်း ဆင်းပွဲတက်မယ်။ သူ့ခရီးစဥ်ကိုသိတဲ့သူနည်းတယ်။ နယ်ဘက်ဝန်ထမ်းတွေဆိုလုံးဝမသိတာများတယ်။ မှော်ဘီမှာကင်းပုန်းတွေဝပ်ချထားတာအများကြီးဘဲ။ အဲ့တာတော့သတိထားမိတယ် ” လို့ မှော်ဘီမြို့နယ် စစ်ကောင်စီနဲ့နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ခေါင်းဆောင် ရန်ကုန်မှာရှိနေစဥ် သူအိပ်စက်အနားယူမယ့်နေရာနဲ့ သူသွားလာမယ့်နေရာတွေမှာ လုံခြုံရေးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ နီးပါးကို ကင်းပုန်းဝပ်တာအပါအဝင် ဗဟိုစည်း၊ အတွင်းစည်း ၊ အပြင်စည်းဆိုပြီး စည်း ၃ စည်းခြားပြီး လုံခြုံရေးချထားတယ်လို့ဆိုပါတယ်။
” လတ်တလောက မှော်ဘီအမျိုးသမီးဗိုလ်သင်တန်းဆင်းပွဲကိုတက်မှာသေချာတယ်။ ဒါကိုလည်းလျှို့ ဝှက်ထားတယ်၊ သူ့လမ်းကြောင်းက အရင်ထဲက လုံခြုံရေးအစီ အမံတွေက များတယ်။ သူအနားယူမှာက ရန်ကုန်စစ်တိုင်းရုံးထဲမှာဘဲ အဲ့တာက ဗဟိုစည်းပေါ့။ ဗဟိုစည်းမှာဆိုရင် မှာဆိုရင် သူနားမယ့်နေရာတဝိုက်မှာ ပတ်ပတ်လည် ဂျန်ဘာ (ဆက်သွယ်မှုလိုင်းအားလုံးဖြတ်တောက်သည့်စက်) တွေချထားပြီးသား။ အတွင်းစည်းမှာဆိုရင် သူနဲ့အတူပါလာတဲ့ သူ့ရဲ့ကိုယ်ရံတော်တပ်နဲ့စရဖလောက်ဘဲဝင်ထွက်ခွင့်ရတယ်။ အပြင်စည်းမှာကတော့ ကင်းပုန်းဝပ်လုံခြုံရေးဒါမျိိုးပေါ့။ ဒါကလည်း သူညွှန်ကြားတာမျိုးတော့မဟုတ်ဘူး သူ့တပည့်တိုင်းမှူးတွေက သေချာညွှန်ကြားပေးတာပေါ့။ ဒါကသူဘယ်သွားသွား သက်ဆိုင်ရာတိုင်းမှူးတွေနဲ့စရဖတွေက ပြင်ဆင်ပေးရတာ” လို့ ရန်ကုန်တိုင်း စစ်ကောင်စီတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
မှော်ဘီအမျိုးသမီးဗိုလ်သင်တန်းဆင်းပွဲဟာ ယခုအပတ်အတွင်းလုပ်ဆောင်မှာဖြစ်ပေမယ့် စစ်ခေါင်းဆောင်တက်ရောက်ပြီး သင်တန်းဆင်းပေးမယ့်ရက်စွဲကို ဆင်းရမယ့်သင်တန်းသူတွေနဲ့ ဗိုလ်သင်တန်းကျောင်းစစ်ဘက်အကြီးတန်းအရာရှိတွေကလွဲရင် သိခွင့်မရှိအောင် လျှို့ဝှက်ထားတယ်လို့ မှော်ဘီတပ်အသိုင်းအဝိုင်းထံကသိရပါတယ်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ်ကစစ်ခေါင်းဆောင် မှော်ဘီအမျိုး သမီးဗိုလ်လောင်းများနှင့်တွေ့ဆုံစဥ်။
#ရန်ကုန် #စစ်ကောင်စီတပ် #မှော်ဘီ #ဗိုလ်သင်တန်း #မင်းအောင်လှိုင် #တက်ရောက် #AyeyarwaddyTimes