ဧရာဝတီတိုင်းမ်
ဇွန်လ ၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ခေါင်းဆောင်ခဲ့သူ ၁ ဦးရဲ့ နေအိမ်ကို ဇူလိုင်လ ၃ ရက်နေ့က စစ်ကောင်စီတပ်သားတွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု အမှတ် ၂ ရပ်ကွက်မှာနေတဲ့ ဦးဇော်မင်းဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေက မနက် ၆ နာရီကျော်လောက်မှာ လာရောက်ချိပပ်ပိတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ မနေ့ကလာချိပ်ပိတ်သွားတာ သူတို့က အကုန်လျှောက်လုပ်နေတာ သိပ်တော့ မထူးဆန်းတော့ပါဘူး အဲ့အရင် တပတ်ကလည်း လွှတ်တော်ကိုယ်စားလှယ်အိမ်လာချိပ်ပိတ်သေးတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
လုံးခင်းကျေးရွာအုပ်စု သပိတ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဇော်မင်းဦးရဲ့ နေအိမ်ကို လာရောက်ချိပ်ပိတ်ချိန်မှာ အိမ်ထဲဝင်ရှာတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးဇော်မင်းဦးကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေကစတင်ကာ နေအိမ်မှာမနေဘဲ တိမ်းရှောင်နေတာကြောင့် ဖမ်းဆီးဖို့ နောက်ကလိုက်တာတွေ ပိတ်ဆို့ဖမ်းတာတွေလုပ်ပေမယ့် ဖမ်းမရဘဲ လွတ်မြောက်နေသူတဦးလည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။