
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၄ ရက်
ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေ၊ဖာပွန်ခရိုင်အတွင်းက ရက္ခိုင့်တပ်တော်- AAရဲ့ တပ်စခန်းတခု ဇူလိုင်လ ၄ ရက် ဒီကနေ့နေ့လည် ၁၂ နာရီ ၂၅ မိနစ်မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ AA ဘက်ကသတင်းထုတ်ပြန်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်အနီးမှာရှိတဲ့ AA ရဲ့တပ်စခန်းကို စစ်ကောင်စီတပ်ကဂျက်တိုက်လေယာဥ် ၂ စီးနဲ့လေကြောင်း ဗုံးကျဲခဲ့လို့တပ်စခန်းအနီးဝန်းကျင်က AAတပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေလည်းရှိတယ် လို့ဆိုပါတယ်။
ဒါ့အပြင် အဆိုပါတပ်စခန်းအတွင်းမှာရှိတဲ့ ဆေးရုံ၊ ဆေး ခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက် အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်ရဲ့ အဲ့ဒီ ဂျက်တိုက်လေယာဉ် ၂စီးဟာ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက်မှာ ထိုင်းနိုင်ငံလေပိုင်နက်အတွင်းကို ပျံသန်း ဝင်ရောက်သွားခဲ့တယ်လို့ AA ဘက်ကထုတ်ပြန်ထားပါတယ်။