ဗီအာတီ/ဧရာဝတီတိုင်းမ်
မတူပီ၊ ဇွန်လ ၄ ရက်

ချင်းပြည်နယ်၊ မတူပီမြို့ကို စစ်ကောင်စီတပ်တွေက မြို့အဝင် အထွက်ဂိတ်တွေက စောင့်ကပိတ်ဆို့ စစ်ဆေး တာတွေ့ပြုလုပ်နေတာကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတူပီမြို့ကို တင်ပို့လာတဲ့ ကုန်ပစ္စည်းတွေပါတဲ့ ကုန်တင်ကားတွေကို မြို့အဝင်ဂိတ်ကနေ မြို့တွင်းဝင်ခွင့်မပေး ဘဲပိတ်ဆို့ထားတာကြောင့် ကုန်ပစ္စည်းတွေပြတ်တောက်ပြီး ဈေးတွေအဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ လက်ရှိမှာတော့ တိုက်ပွဲတွေက မိုင်တိုင် (၈၀)နဲ့ (၇၀) ကြားမှာဖြစ်နေတာရှိတယ် မကြာခဏဖြစ်နေတော့ ကုန်ကားတွေက လာဖို့ကြောက်တာလည်းပါတယ် အဓိကတော့ စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်ဂိတ် မှာ ကုန်တင်ကားတွေ ကန့်သတ်ထားတာ အဲ့တာကြောင့် ကုန်စည်ပြတ်တောက်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ကုန်တင်ကားတွေကို မြို့ဝင်ဂိတ်ကနေ ပေးမဝင်တာကြောင့် ဒေသခံပြည်သူတွေ အတွက် ကုန်ပစ္စည်းတွေကို ဈေးနှုန်းမြင့်မာစွာဝယ်ယူနေရတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ကုန်စည်စီးဆင်းမှုဖြတ်တောက်ထားတဲ့ မတူပီမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တူမီးသေနတ်တွေနဲ့ တော်လှန်ခဲ့တဲ့ဒေသတစ်ခုလည်းဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။