ကိုအေး/ဧရာဝတီတိုင်းမ်
(ပန်းတနော်)၊ ဒီဇင်ဘာလ ၅ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် စစ်ကောင်စီနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့များက ဧည့်စာရင်းလိုက်လံစစ်ဆေးရာတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် နေအိမ်များကိုသာ ရွေးချယ်ကာ ဧည့်စာရင်းစစ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါအဖွဲ့များက အထက်က ညွန်ကြားချက်ဟုဆိုကာ ၎င်းတို့အား ထောက်ခံခြင်းမရှိသူများ၊ ၎င်းတို့ သံသယရှိသူများ၏ နေအိမ်များကိုသာ ရွေးချယ်၍ ဧည့်စာရင်းစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ရပ်ကွက်ထဲကို လက်နက်တွေကိုင်ဆောင်ပြီးသူတို့က အဖွဲ့ ရောက်လာကြတော့ ရပ်ကွက်ကလဲ လန့်နေကြတာပေါ့ဗျာ။ ဘာဖြစ်လို့လဲပေါ့၊လာစစ်တဲ့အချိန်ကလဲည (၇)နှာရီသာသာလောက်ဘဲရှိဦးမယ်ဗျ၊နောက်ပြီး သူတို့မသင်္ကာတဲ့ အိမ်ကိုဘဲ စစ်ဆေးပြီး ပြန်ထွက်သွားကြတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းကဲ့သို့ ဧည့်စာရင်းစစ်ဆေးခြင်းကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများနှင့် အရံမိသတ်များက ညအချိန်များတွင် လုပ်ဆောင်နေခြင်းဖြစ်ပြီး အကြောင်းအရင်းအမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ချခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ လုပ်ဆောင်လျှက်ရှိကြောင်း ဒေသခံများက ဆိုသည်။
“သူတို့လာစစ်တဲ့အချိန်က အပြင်ထွက်ပြီး တခုခု သွားစားသောက်နေကြတဲ့အချိန်ပါ။ စစ်တဲ့အခါ အိမ်ထောင်စုစာရင်းထဲမှာ သေတဲ့သူရဲ့အမည်ပါနေလဲ ရစ်နေကြတယ်ဗျာ။ လဝကမှာ သွားလုပ်တော့လဲ ကြန့်ကြာနေတော့ ဒီစာရင်းက ဒီအတိုင်း ဖြစ်နေတာပေါ့ဗျာ”ဟု ဧည့်စာရင်းစစ်ဆေးခံရသည့် ပန်တနော်မြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းကိုပြောသည်။
နိုဝင်ဘာလအတွင်းကလည်း ပန်းတနော်မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်ကို ည(၈)နှာရီဝန်းကျင်ခန့်တွင် အုပ်ချုပ်ရေးမှူးနှင့်စစ်ကောင်စီအဖွဲ့များက ဝင်ရောက်စစ်ဆေးရာ ဆိုင်ဝန်ထမ်းများ အပါအဝင် ၁၂ ဦးကို ဧည့်စာရင်းဥပဒေအရဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် တရားရုံးတွင်ဒဏ်ငွေပေးဆောင်ပြီးမှသာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။