ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်ရှိ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခြင်းနှင့် လူနေကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ၈ ရက်အတွင်း နေအိမ် ၄၃၇ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ တပ်မ ၈၈ လက်အောက်ခံ၊ ခမရ – ၄၁၅ မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ဝင်းဦးဆောင်သော စစ်အင်အား ၁၀၀ ကျော်ဖြင့် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာကိုဝင်ရောက်၍ အကြမ်းဖက်ခြင်း၊ လုယက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ် ၄၃၇ လုံး၊ စပါးတင်းပေါင်း ထောင်နှင့်ချီအပါအဝင် စိုက်ပျိုးရေးအတွင်အသုံးပြုသော လယ်ယာသုံးစက်ကိရိယာများစွာ မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မီးရှို့ဖျက်ဆီးခံရသောကျေးရွာများမှာ ဆူးပုံချောင်၊ အင်းကြင်းကုန်း၊ အင်းတိန်၊ အလယ်တော၊ လေသာ၊ ကျက်သရေချောင်းရွာနှင့် သခွတ်ချောင်းရွာတို့ဖြစ်ပြီး ဗိုလ်မှူး သန်းဇော်ဝင်း (ကိုယ်ပိုင်အမှတ် ကြည်း – ၃၈၉၁၇) ဦးဆောင်သောစစ်ကြောင်းမှ ၈ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းမှ တိုက်လေယာဉ်များဖြင့်၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်မြို့နယ် ပအဖအဖွဲ့က ပြောသည်။
“စစ်ကောင်စီတပ်က ရွာတွေကို အကြောင်းမဲ့ကို မီးရှို့ဖျက်ဆီးတာ။ လေကြောင်းကလည်း ဗုံးလာကြဲတယ်။ အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့သလို စပါးတွေလည်း တင်းပေါင်းကို ထောင်နဲ့ချီ မီးလောင်တဲ့အထဲ ပါသွားတယ်။ လယ်ထဲမှာသုံးတဲ့ စက်ပစ္စည်းတွေလည်း မီးလောင်သွားတာ ရေတွက်လို့တောင် မရဘူး။ စစ်တပ်က အရမ်းကို ရက်စက်ယုတ်မာစွာ မီးရှို့ဖျက်ဆီးခဲ့တာပါ”ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဗိုလ်မှူး သန်းဇော်ဝင်းဦးဆောင်သော အဆိုပါစစ်ကြောင်းမှာ ရွာစဉ်လှည့်ပြိး မီးရှို့နေခြင်းဖြစ်ပြီး ယနေ့တွင်လည်း ဘိုတဲကုန်း၊ ပဲခင်းနှင့် ရွှေချောင်းရွာများကို ဝင်ရောက်မီးရှို့နေပြီး စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ပျက်စီးဆုံးရှုံးမှု များပြားလွန်းသဖြင့် စာရင်းကောက်ယူရန်ပင်ခက်ခဲနေသည်ဟု မြို့နယ် ပအဖ အဖွဲ့က ဆိုသည်။
“ကျွန်မတို့ NUG အစိုးရကလည်း တို့မြို့နယ်အတွက် ကူညီနိုင်သလောက် ကူညီပေးနေပါတယ်။ ပိုပြီးကူညီပါ။ကျွန်မတို့မြို့နယ်အနေနဲ့ စွမ်းအားရှိရှိ တော်လှန်ပါ့မယ်။ အင်အားအများကြီး သုံးပြီးတော့ ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေကို နိပ်စက်ညှင်းပန်းသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို နေစရာမရှိ စရာမရှိတော့ရင်တောင်မှ အဆုံးထိတော်လှန်သွားမှာပါ”ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသမီးက ပြောသည်။
#ထီးချိုင့် #ကသာ #ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ #မီးရှို့ #Ayeyarwaddy Times