ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၅ ရက်
မန္တလေးတိုင်း ၊ အမရပူရခရိုင် ၊ အမရပူရမြို့နယ်အတွင်း မန္တလေးခရိုင် ၊ အမှတ် ၅ တပ်ရင်း ၊ မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN-PDF)မှ နိုဝင်ဘာလအတွင်းတွင် လှုပ်ရှားခဲ့သော စစ်ဆင်ရေးများကြောင့် ပျူစောထီးခေါင်း ဆောင် အပါအဝင် စစ်ကောင်စီ သစ္စာခံ ၈ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်း ၊ အမရပူရမြို့နယ်ရှိ မြိူ့နယ်အုပ်ချုပ်ရေးမှူး၏ ယာဉ်မောင်း ဒုတပ်ကြပ် သူရအောင်ဆိုသူကို နိုဝင်ဘာလ ၇ ရက်နေ့တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတွင်ပါလာသော ၉မမကျည် ၉၁ တောင့် နှင့်အတူ ပိုက်ဆံ ၈၇၇၀၀ကျပ် ၊ ဖုန်း ၁ လုံး နှင့် လက်စွပ် ၁ ကွင်းကို သိမ်းဆည်းရမိခဲ့ကြောင်း MN-PDF မှ သတင်းထုတ်ပြန်ထားသည်။
ငါးဇွန်မြို့ ၊ ခြင်္သေ့လတ်ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်သန်းမြင့်ဆိုသူကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပြည်သူနှင့်အတူ ပူပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် လက်မောင်းအား ပစ်ခတ်သတိပေးခဲ့ပြီး ၎င်း၏ဖုန်းအား သိမ်းဆည်းရမိခဲ့ပြီး ထိုနေ့၌ပင် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ်သော ပျူစောထီး ထွန်းရင်ဆိုသူကို အပြစ်မဲ့ ပြည်သူတစ်ဦးအား ခြင်္သေ့လတ်ရွာထိပ်၌ သတ်ဖြတ်မှုဖြင့် MN-PDF နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး သေနတ်ဖြင့် ပစ်ခတ်သုတ်သင်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ MN-PDF နဲ့ မဟာမိတ်ညီနောင်များက နိုဝင်ဘာလ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ သစ္စာခံ
၈ ဦးတိတိကို သုတ်သင်နိုင်ခဲ့တယ်။အုပ်ကြီးတစ်ဦးကတော့ ပစ်ခတ်သတ်ပေးရုံလောက်နဲ့ ပြည်သူနဲ့ပူပေါင်းဖို့သတိပေးခဲ့ပါတယ်။ဒီစစ်ဆင်ရေးအားလုံးဆောင်ရွက်ပြီးချိန်မှာ MN-PDFက ဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရတယ်”ဟု MN-PDF တပ်ဖွဲ့ခေါင်းဆောင်မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် မန္တလေးတိုင်း ၊ ငါးဇွန်မြို့နယ်၊ အိုင်သာရွာတွင်နေထိုင်သော ပျူစောထီးသင်တန်းဆင်း စစ်ကောင်စီ သတင်းပေး ခင်မောင်သန်း(ရွှေတောင်မြေတိုင်းစာရေး)ဆိုသူကို အပြစ်မဲ့ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရစဉ် သတင်း ပေးမှုနှင့်အတူ PDF တပ်ဖွဲ့ဝင်များရှိရာနေရာကို ဦးဆောင်လမ်းပြမှုတို့ကြောင့် မြို့သာနှင့်အောက်ရိုးရွာကြား မြေနီလမ်းပေါ်တွင် MN-PDF နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းပြီး သေနတ်ဖြင့် အသေသုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူပင် စစ်ကိုင်းတိုင်း ၊မြောင်မြို့နယ် နဂါးပေါက်ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များမှ ကျေးရွာအတွင်း ၀င်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများ ခိုးယူ သယ်ဆောင်ပြီး အိမ်ခြေ ၃၀ ကျော်ကို မီးရှို့နေခြင်းကြောင့် နိုဝင်ဘာလ ၁၅ရက်နေ့၌ MN-PDF မှ မဟာမိတ်ညီနောင်များနှင့် ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း MN-PDF မှ ထုတ်ပြန်ဖော်ပြထားသည်။
ထို့အတူ အမရပူရမြို့နယ် ၊ မြစ်ငယ်မြို့ ဥယာဉ်တော် ကျေးရွာတွင် နေထိုင်သော အမရပူရပြည်သူ့စစ်အဖွဲ့ဝင် ရာအိမ်မှူး သိန်းမင်းထွန်းဆိုသူအား စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားလည်ပတ်စေရန် တက်ကြွစွာလုပ်ဆောင်နေသောကြောင့် နိုဝင်ဘာလ ၂၂ ရက်နေ့၌ MNDF နှင့်အတူ မဟာမိတ်ညီနောင်များမှ သေနတ်ဖြင့် သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး နောက်တစ်နေ့ နိုဝင်ဘာလ ၂၃ရက်နေ့တွင်လည်း မြစ်ငယ်မြို့ ဥယာဉ်တော် ကျေးရွာအုပ်စု ၊ သရက်တန်းကျေးရွာတွင် နေထိုင်သော စစ်ကောင်စီသတင်းပေး မင်းဆွေဆိုသူကိုလည်း MNDF နှင့်အတူ မဟာမိတ်ညီနောင်များမှ အသေသုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခချက်တွင် ရေးသားဖော်ပြချက်အရ သိရသည်။
#မြစ်ငယ် #PDF #နိုဝင်ဘာလ #သုတ်သင်ရှင်းလင်း
#Ayeyarwaddy_Times