နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ ဒီဇင်ဘာလ ၅ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ရေမိန်ကျေးရွာကို စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်စီးနင်းကာ မီးရှို့တာတွေပြုလုပ်သွားတယ်လို့ သိရပါတယ်။

ရေမိန်ကျေးရွာကို ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းမှာ အင်အား ၁၀၀ ကျော်လောက်နဲ့ ဝင်စီးနင်းပြီး ရွာထဲမှာရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူဆောင်ကာ နေအိမ်တွေကို မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ ဒီမနက် ၇ နာရီလောက်မှာ မြောက်ရွာက ၂ အိမ်ကို မီးရှို့ပြီး တောင်ရွာကို ထပ်ပြီးရှို့သွားတာ မီးရှို့ခံရတဲ့ အိမ်တွေများတယ် ခုမ မီးသတ်ဖို့လုပ်နေရတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး တန်ဖိုးရှိသမျှပစ္စည်းတွေကို ယူဆောင်ကာ နေအိမ်တွေကို မီးရှို့တာကြောင့် သူတို့ပြန်ထွက်သွားချိန်မှ ဒေသခံပြည်သူတွေနဲ့ တော်လှန်‌ရေးအင်အားစုတွေက မီးလိုက်သတ်နေရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းကို စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ထိုးစစ်ဆင်နေတာကြောင့် ကျေးရွာပေါင်း ၅၀၀၀ ကျော်ထိ မီးရှို့ခံခဲ့ရသလို ဒေသခံပြည်သူ ၁ သိန်းကျော် အိုးမဲ့အိမ်မဲဖြစ်ကာ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီတပ် #ရွာမီးရှို့ #Ayeyarwaddy_Times