ဧရာဝတီတိုင်းမ်
(ပခုက္ကူ)၊ ဒီဇင်ဘာလ ၅ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာအရှေ့ မြောက်ဘက်၌ ဒီဇင်ဘာလ ၅ ရက် ယနေ့မနက်ပိုင်းတွင် ပြည်သူပိုင်မြေပဲခင်းအား ပျူစောထီးများမှ အတင်းအဓမ္မထွန်ယက်ဖော်ယူနေစဉ် မြိုင် (ပကဖ)တပ်ရင်း ၁ မှ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ညောင်ဂျစ်ပင်ရွာနှင့်ရေလာလေးရွာမှ ပျူစောထီး ၂၀ ဦးဝန်းကျင်အား ရေလာလေးရွာရှိပြည်သူပိုင် မြေပဲခင်းများအား ဖောင်ကျောင်းရွာမှပြည်သူများအားအနိုင်ကျင့်ခေါ်ဆောင်ကာ ထွန်ယက်ဖော်ယူနေကြခြင်းဖြစ်သည်။
ယင်းကဲ့သို့တူးဖော်နေစဥ် ဒရုန်းတွင် အီနာဂါဗုံးသီး ၃ လုံးဖြင့်ဖြုတ်ချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး ပြင်း ထန်ဒဏ်ရာရရှိခဲ့ပြီး ကျန် ၂ ဦးမှာလည်းထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။
“ရွာတွေတစ်ရွာနဲ့တစ်ရွာနီးတော့ ဖောင်ကျောင်းရွာကသူတွေကိုအတင်းခေါ်ပြီး မြေပဲဖော်တာ၊ ပျူတွေက သူတို့နိုင်တဲ့ အခြားရွာပြည်သူ တွေခေါ်ပီး ပတ်ချာ လည်ရွာတွေက ယာခင်းတွေအနိုင်ကျင့်နေတာ၊ ပျူကိုယ်တိုင်ထွန်ပြီးဖော်တာ၊ အရင်ကလည်းခုလိုမျိုးတွေအကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်” ဟု မြိုင် (ပကဖ) မှ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ခိုက်မှုအပြီးတွင် ပျူများမှ အနီးပါတ်ဝန်းကျင်သို့သေနတ်ဖြင့် အချက်ရေများစွာရမ်းသမ်းပစ်ခတ်နေပြီး ပြည်သူများထိခိုက်မည်ကိုစိုးရိမ်သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်(ပကဖ)ထံမှ သိရသည်။
မြိုင်(ပကဖ)နှင့်ပူးပေါင်းအဖွဲ့များသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်း ပေါက်မြို့နယ်တွင် ကားပြင်နေသည့ရိက္ခာထောက်ပို့လာသည့်စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာတပ်သား ၄ ဦးသေဆုံးခဲ့ပါသေးသည်။
#ပခုက္ကူ #ပျူစောထီး #မြေပဲခင်း #ဒရုန်းဗုံး #တ်ုက်ခိုက်ခံရ #မြိုင်ပကဖ #AyeyarwaddyTimes