ဧရာဝတီတိုင်းမ်
(ချင်း)၊ ဒီဇင်ဘာလ ၄ ရက်

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ၂၂လအတွင်း စစ်ကောင်စီကြောင့် ချင်းလူမျိုး ၃၅၅ ဦး သတ်ဖြတ်ခံရပြီး အိမ်ခြေစုစုပေါင်း ၁၅၀၅ ဖျက်ဆီးခံခဲ့ရကာ ပြည်သူ ၄သောင်းကျော် စစ်ဘေးရှောင်ကာ ထွက်ပြီးနေရကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA)မှ ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးသူ ၃၅၅ဦးတွင် အသက်မပြည့်သေးသူ၂၄ဦး၊ နို့စို့ ကလေးငယ်၂ ဦးနှင့် ဓမ္မအမှုတော်ဆောင် ၄ပါးတို့ အပါအဝင် အပြစ်မဲ့ပြည်သူ ၁၆၇ဦးနှင့် ချင်းအမျိုႈသားကာကွယ်ရေးအဖွဲ့ဝင် ၁၈၆ဦး ပါဝင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“ချင်းလူမျိုးဟာ လူဦးရေ ၅သိန်းဝန်ကျင်ရှိပြီး ၄သောင်းကျော်က ကိုယ့်ပြည် ကိုယ့်နိုင်ငံမဟုတ်တဲ့ အိန္ဒိယနိုင်ငံ မီဇိုးရမ်နဲ့ မဏီပူပြည်တို့တခြားနေရာမှာ စစ်ရှောင်ပြီႈရောက်လာကြတယ် ဆိုကတည်းက စကစရဲ့လုပ်ရပ်ဟာ ဘယ်လောက်ယုတ်မာရက်စက်တယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။ ဘယ်လိုဖြစ်ဖြစ် ကိုယ့်အသက်ကို ဦးစွာထားပြီး အားမငယ်ကြဖို့ ကျနော်တို့ဘက်ကနေလည်း အတတ်နိုင်ဆုံးဆက်ပြီးကြိးစားနေပါတယ်။ မကြာမီအောင်ပွဲဆင်တော့မယ်လို့ ပြောချင်တယ်” ဟု ICA အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကို ရှောင်တိမ်းထွက်ပြေးရာ၌ ဆေးဝါးမလုံလောက်မှုကြောင့် အသက်ဆုံးရှုံးရသူ ၁၇ဦး၊ စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါင်ဆောင်ခံရသူ ၉ဦး၊ စစ်လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ဦး၊ အကျဥ်းထောင်၌ အသတ်ခံရသူ ၃ဦး၊ မိုင်းနင်းမိ၍ သေဆုံးသူ ၁၇ဦးတို့ သေဆုံးခဲ့ကြရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ဒီတော်လှန်ရေးက ဘယ်အချိန်ထိကြာမလဲမသိတဲ့အတွက် မြန်မာနိုင်ငံအတွက် ချင်းပြည်အတွက် နောင်လာနောင်သားတွေ နိုင်ငံရေးဘက်ကရော အဘက်ဘက်မှ ခေါင်းဆောင်ကောင်းတွေထွက်လာဖို့ ပညာရေးဘက်ကနေလည်း အတတ်နိုင်ဆုံး လုပ်ဆောင်သွာမယ်။ ပြီးတော့ ချင်းပြည်အတွက် နိုင်ငံတကာအဖွဲ့အစည်းက အကူညီတွေမရောက်လာမချင်းတောင်းခံသွားမယ်”ဟု ၄င်းက ဆက််လက် ပြောဆိုသည်။

ချင်းရေးရာအဖွဲ့ချုပ်(ICA)ကို ပြည်ပနိုင်ငံအသီးသီးရှိ ချင်းပြည်၊ချင်းလူမျိုးကို ချစ်သောသူများ ပူးပေါင်းကာ ၂၀၁၂ခုနစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ချင်းလူမျိိုးအတွက် အဘက်ဘက်မှ အစွမ်းကုန် ကြိုးစားလုပ်ကိုင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ICA အဖွဲ့ဝင်ထံမှ သိရသည်။

#ချင်း #အာဏာသိမ်း #စစ်ကောင်စီ #သတ်ဖြတ်
#Ayeyarwaddy_Times