ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၄ ရက်
ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ် ၏ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်း နှင့် KNDF တပ်ရင်းများ၊KA ပူးပေါင်းတပ်ဖွဲ့များ အကြား ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့က တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသာကာကွယ်ရေးတပ် KNDF က ယနေ့တွင်ထုတ်ပြန်သည်။
ယမန်နေ့မနက် ၉ နာရီခွဲအချိန်မှစ၍ တနေကုန်နီးပါးကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ခမရ ၁၀၈ မှ ၂၀ ဦးကျော် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး ၁ ဦး ၊ တပ်ကြပ် ၂ ဦး ၊ တပ်သား ၁ ဦးတို့ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြသည်။
ထို့အပြင် တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားများထံမှ MA-1 သေနတ် ၄ လက် ၊ MA -3 သေနတ် ၂ လက် ၊ MA-4 ၄၀ မမ ၁လက် ၊ MG-3 အမျိုးအစား ငါကြင်းမြီး ၁ လက် ၊ RPG ၁ လက် ၊ ၆၀ မမ စိန်ပြောင်း ၂ လက်နှင့် ကျည်ဆံခဲယမ်းပစ္စည်းများ၊ ကွန်ပျူတာ ၁ လုံး ၊ ဖုန်းအချို့နှင့် စစ်အသုံးအဆောင်အချို့အပြင် စိပ်ပုတီးများပါ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ထိတွေ့တိုက်ပွဲအတွင်း အထိနာသောစစ်ကောင်စီတပ်၏ ဒီးမော့ဆိုအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့် အဆမတန် ပစ်ကူပေးခဲ့သည့်အပြင် ယမန်နေ့ ညနေပိုင်းတွင် တိုက်လေယာဥ်ဖြင့် ၃ ကြိမ် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ည ၉ နာရီခန့်တွင်လည်း တိုက်လေယာဥ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။
ယမန်နေ့ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကြောင်းထိုးလာသော တပ်မ(၆၆) လက်အောက်ခံ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တပ်ရင်းသည် ၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ် ၊ မိုဆိုကျေး ရွာအနီး ဒေသခံပြည်သူ ၄၀ ကျော်အား မီးရှို့သတ် ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုအား ကျူးလွန်ရာတွင် ပါဝင်ခဲ့သော တပ်ရင်း ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာ အရှေ့ဖက်တစ်ကျော ၊ သေးဆူလဲ၊ ဒေါကမီး တစ်ကျောတို့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသည့် အခြေနေများကြောင့် စစ်ရေးအခြေနေတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားမှုများရှိနေသဖြင့် အဆိုပါ နေရာများအနီး ဖြတ် သန်းသွားလာခြင်း၊နေအိမ်ပြန်ခြင်းများ မပြုလုပ်ကြ ရန် KNDF မှ သတိပေးထုတ်ပြန်ထားသည်။
#ကရင်နီ #ဒီးမော့ဆို #KNDF #KA #တိုက်ပွဲသတင်း #ခမရ၁၀၈ #စစ်ကောင်စီတပ်#AyeyarwaddyTimes