နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဒီဇင်ဘာလ ၄ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ညောင်ပင်ဂရက်ကျေးရွာက အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်က ပါးခေါ်ရိုက်ကာ ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
စာသင်ကျောင်းမှာရှိတဲ့ ထိုင်ခုံတွေ မီးလောင်မှုကြောင့် အုပ်ချုပ်ရေးမှူးကို ပါးခေါ်ရိုက်တာဖြစ်ပြီး အဲ့ဒီ အကြောင်း သတင်းဌာနတွေမှာ ပါလာပြီးနောက်ပိုင်း ရာထူးကနေပါ ထုတ်ပယ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်ခုံတွေ မီးရှို့တဲ့ကိစ္စက ကျောင်းလုံခြုံရေးစောင့်တဲ့ ကြံ့ခိုင်ရေးကလူတွေနဲ့ သတင်းပေးဒလန်တွေ လုပ်ကြံထားတဲ့ကိစ္စ အုပ်ချုပ်ရေးမှူးကို ဖြုတ်ချင်လို့ ခုလိုလုပ်တာလို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
စစ်ကောင်စီတပ်က ပါးခေါ်ရိုက်ပြီး ရာထူးကနေဖယ်ရှားလိုက်တဲ့ အုပ်ချုပ်ရေးမှူးဟာ အရပ်သားအစိုးရ လက်ထက်ကဖြစ်တာကြောင့် ရာထူးကနေ ထုတ်ချင်လို့ ခုလိုမျိုး စီစဉ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မအူပင်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ဇနီးဖြစ်သူကို ဧည့်စာရင်း တိုင်တာ ငွေတောင်းမိလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပါးရိုက်တာတွေပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။