ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၄ ရက်

ကြားကာလ အွန်လိုင်းအခြေပြုပညာရေးကျောင်း New Myanmar Education- NME က လက်ရှိဖွင့်လှစ်ထားသည့် အခြေခံပညာရေးအတန်းများအပြင် New Myanmar University –NMU အဆင့်မြင့်တက္ကသိုလ် ပညာရေးကိုပါထပ်မံ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

အရပ်သားအစိုးရလက်ထက်၂၀၁၈-၁၉ ၊ ၂၀၁၉-၂၀ ပညာသင်နှစ်များတွင် တကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ပထမနှစ်တက်ရောက်မည့် ကျောင်းသားများအနေ ဖြင့်အပ်နှံနိုင်မည်ဖြစ်ကာ ဒီဇင်ဘာလ ၂၀ ရက် နောက် ပိုင်း တွင် စတင်လက်ခံမည်ဖြစ်ပြီး လက်ရှိတွင် သက် ဆိုင်ရာမေဂျာများအလိုက် စတင်မိတ်ဆက်ပေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိသည်ဟု NME တာဝန်ရှိသူတစ်ဦးကပြောသည်။

”သင်တာကတော့ Microsoft Team နဲ့သင်မှာဖြစ်တယ်။ ပြည်တွင်း၊ပြည်ပက တက္ကသိုလ်တွေမှာ သင်ကြားခဲ့တဲ့ အတွေ့အကြုံရင့် ကထိက၊ပါမောက္ခ ဆရာကြီး ၊ဆရာမကြီးတွေသင်ပေးမှာဖြစ်တယ်။ လတ်တလော မေဂျာ ၁၀ ခု စပြီးသင်ကြားပေးနိုင်မယ်။ နောက်မေဂျာအစုံသင်ပေးနိုင်အောင်လုပ်ဆောင်နေတယ်။ လက်ရှိက ကျောင်းအပ်လက်မခံခင် ဒီကြားထဲမှာ သင်ကြားပေးမယ့်မေဂျာတွေနဲ့မိတ်ဆက်ပေးတာတွေလုပ်ဆောင်နေပါတယ်” ဟု NME ပညာရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လတ်တလောတွင် ပထမနှစ်တခုတည်းသာ စတင်လက်ခံမည်ဖြစ်ပြီး ဒုတိယနှစ်၊ တတိယနှစ်များ ဆက်လက် ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

NME သည် NUG အစိုးရ၊ပညာရေးဝန်ကြီးဌာနနှင့် ပူး ပေါင်းဆောင်ရွက်နေသည့် ကြားကာလအွန်လိုင်းအခြေ ပြုပညာရေး ကျောင်းတခုဖြစ်ပြီး NME အနေဖြင့် အခြေ ခံပညာ အလယ်တန်းနှင့် အထက်တန်းများကို ယခုနှစ်ဇွန်လဆန်းပိုင်းမှ စတင်ကျောင်းအပ်လက်ခံသင်ကြားပေးခဲ့ရာ လက်ရှိတွင် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ကျောင်းသူ ၂၅၀၀ ကျော်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

(တက္ကသိုလ်သင်ကြားရေးနှင့်ပတ်သက်၍ အောက်ပါlinkတွင်အသေးစိတ်မေးမြန်းနိုင်ပါသည်။)

https://www.facebook.com/profile.php?id=100087647749517…

#NUG #NME #ပညာရေး #NMU #ဖွင့်လှစ် #Ayeyarwaddy_Times