ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ ဒီဇင်ဘာလ ၃ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်ထားသော နယ်မြေတွင် ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများဒုတိယအကြိမ်တွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း ထန်တလန်မြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်တွင် လမ်းပန်းဆက်သွယ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန၊ စီမံကိန်းနှင့် ပြည်တွင်း/ပြည်ပဆက်ဆံရေးဌာနတို့ကို စနစ်တကျဖွဲ့စည်းခဲ့ပြီး ဒေသအတွင်းအုပ်ချုပ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရန်အတွက် ဦးစားပေးဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ထန်တလန်မြို့နယ်ဘက်မှာတော့ ပြည်သူ့အုပ်ချုပ်ရေးစနစ်က ပုံမှန်လည်ပတ်နိုင်ပြီလို့ ပြောလို့ရပါတယ်။ ကျေးရွာတွေမှာ ဒေသခံပြည်သူတွေ ဆေးဝါးကုသနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။ CDF-Thantlangက ထိန်းချုပ်ထားတဲ့ နယ်မြေတွေမျာ ကလေးငယ်တွေကိုလည်း NUGအစိုးရက ဦးဆောင်ဖွင့်လှစ်ပေးထားတဲ့ ကျောင်းတွင် ကောင်းမွန်စွာ ပညာသင်ကြားနေပါတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို CDF-Thantlang ထိန်းချုပ်ထားသော နယ်မြေများတွင် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၇-၂၈ ရက်နေ့က ကျေးရွာပေါင်း ၅၁ ရွာဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ပြည်သူလူထုများက ဒီမိုကရေစီနည်းလမ်းအတိုင်း ရွေးချယ်ထားကာ အုပ်ချုပ်ရေးမှူးများ၏ တာဝန်သက်တမ်းမှာ တစ်နှစ်အထိချမှတ်ထားကြောင်းဒေသခံများက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တန်တလန်တစ်မြို့လုံးကို မီးရှိုခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းကျော်သည် ပြည်တွင်း/ပြည်ပသို့ ထွက်ပြေးတိမ်ရှောင်နေကြကြောင်းဒေသခံများထံမှ သိရသည်။

ချင်းပြည်နယ်တွင် ဒေသအလိုက် ပြည်သူ့​အုပ်ချုပ်ရေးအဖွဲ့များအသီးသီးဖွဲ့စည်းထားပြီး ဒေသကာကွယ်ရေးတပ်များ၊ ပြည်သူလူထုများနှင့် လက်တွဲကာ ဒေသအတွင်းရှိ အုပ်ချုပ်ရေးစက်ယန္တရားများကို ပုံမှန်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

#ထန်တလန် #ပြည်သူ့အုပ်ချုပ်ရေးမှူးအဖွဲ့ #ကျေးရွာအုပ်ချုပ်ရေးမှူး #တွေ့ဆုံပွဲ
#Ayeyarwaddy_Times