ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၄ ရက်

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာများအထိ ကွင်းဆင်းကာ ရှောင်တခင် ဧည့်စာရင်းစစ်ဆေးမှု့များဆောင်ရွက်ခဲ့ကြောင်း ဒေသခံများနှင့်အုပ်ချုပ်ရေးအဖွဲ့ နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်အင်အား ၁၂ ဦးခန့်နှင့် နယ်မြေခံရဲပူးပေါင်းပြီး ညောင်တုန်းမြို့ မြောက်ခြမ်းကျေးရွာများဖြစ်သည့် ကွမ်းသီးပင်၊ ရွာသစ်၊ သပြေချောင်း၊ ညောင်ဝိုင်း၊ သံကြိုးအပါအဝင် ကျေးရွာအုပ်စုကြီး ၆ ခုထက်မနည်း စစ်ဆေးသွားကြောင်း အုပ်ချုပ်ရေးအဖွဲနှင့်နီးစပ်သူများထံမှ သိရသည်။

“အဓိကကတော့ ရပ်ကျေးအုပ်ကြီးတွေကို အထူးပြုလိုက်တွေ့တယ်၊ နယ်မြေမှာ ဘာထူးခြားသလဲပေါ့။ နောက်ပြီး မသင်္ကာတဲ့ရွာအချို့စစ်ဆေးတယ်။ သတင်းထွက်တာကတော့ ညောင်တုန်းမှာ ဒရုန်းထောက်လှမ်းနေတာတွေ့လို့ လူဝင်လူထွက် လူစိမ်းနဲ့ထူးခြားမှုလိုက်စစ်တာပါ”လို့ အုပ်ချုပ်ရေးအဖွဲနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အင်အား ၁၂ ဦးခန့်ပါသောစစ်တပ်သည် သပြေချောင်းကျေးရွာရဲကင်းအနီး တိုက်နယ်ဆေးရုံတွင်အခြေပြုကာ ဒီဇင်ဘာလ ၁ ရက်နေ့မနက်ပိုင်းမှလာရောက်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့ညနေပိုင်းတွင် အဆိုပါနယ်မြေမှ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

အာဏာသိမ်းစကာလ ၂၀၂၁ ခုနှစ်အတွင်းကာလည်း ယခုလိုစစ်ဆေးမှုအချို့ဖြစ်ပွားခဲ့ပြီးနောက် တကျော့ပြန်လါမည့် ၂၀၂၃ ရွေးကောက်ပွဲပြုလုပ်မည်ဟုသတင်းများထွက်ပေါ်ပြီးနောက်ပိုင်း နယ်မြေစိုးမိုးရေးအတွက် ထောက်လှမ်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

#Ayeyarwaddy_Times