ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်

မန္တလေးတိုင်း၊မန္တလေး-ပြင်ဦးလွင်လမ်း၊ သမ္မတောရွာနှင့်သန့်စင်ကုန်းရွာအကြား အောင်ပင်လယ်တိုးဂိတ်အနီးတွင် ယမန်နေ့ဒီဇင်ဘာလ ၂ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်ကား ၁ စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း NGU:FF မြေခွေးတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါစစ်ကားသည် စစ်ကောင်စီတပ် စစ်တက္ကသိုလ်ဗိုလ်သင်တန်းဆင်းပွဲတက်ရောက်ရန် ပြင်ဦးလွင်မြို့သို့ရောက်ရှိနေသည့် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်၏ ခရီးစဥ်အားလုံခြုံရေးပေးပြီးပြန်လာသည့် စစ်ကားဖြစ်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့မှုကြောင့် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ကားခေါင်းတည့်တည့်ကိုထိသွားတာ။ ခေါင်းခန်းမှာ ပါတဲ့ နှစ်ယောက်တော့ နေရာတင်ပွဲချင်းပြီး​သေတယ် ။ နောက်ခန်းကပါတဲ့ စစ်ခွေးတွေရဲ့ အထိအခိုက်ကိုတော့ မသိရသေးဘူး”ဟု NGU:FF (မြေခွေးတပ်ဖွဲ့) တာဝန်ခံမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်းမှဆက်လက်ပြီး “အဲဒီကားက လုံခြုံရေးပေးပြီး ပြန် လာတာ။ ပြန်လာတဲ့လမ်းမှာစောင့်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ ရသလိုတော်လှန်တိုက်ခိုက်သွားမှာပါ။ ဒီတိုက် ခိုက်မှုက မြေခွေးတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကိုကျော်နဲ့ တပ်စိတ် မှူးရဲရဲတို့ရဲ့ ကျဆုံးမှုတစ်နှစ်ပြည့်အတွက် သွေးကြွေးတောင်း လက်တုံ့ပြန်တာဖြစ်ပါတယ်”ဟု ဆိုသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဒေသခံအချို့မှလည်း “ပေါက်ကွဲမှုက အတော်ပြင်းတယ်။ မြေပါတုန်တယ်။ သေဆုံးမှုများနိုင်တယ်။ အာဏာသိမ်းဂျပုကတော့ လေယာဥ်နဲ့ပြန်သွားတယ် ကြားတယ်”ဟု ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ – ပုံဟောင်း။

#ပြင်ဦးလွင် #စစ်ကား #မိုင်းဆွဲခံရ #၂ ဦးသေဆုံး #AyeyarwaddyTimes