ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဒီဇင်ဘာလ ၃ ရက် နေ့လည်ပိုင်းက ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Special Task Force -Mandalay အဖွဲ့ထံမှ သိရှိရသည်။

မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စန်းဦးနှင့်အဖွဲ့တို့ ရုံးအ တွင်း အစည်းအဝေးထိုင်နေချိန် လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါရပ်ကွက်ရုံးသည် ပထမအကြိမ်ဗုံးခွဲခံထားရသဖြင့် အဆောက်အဦထိခိုက်ပျက်ဆီးခဲ့၍ ပြန်လည်ပြင်ဆင်ဆောက်လုပ်ထားသည်မှာမကြာသေးကြောင်းသိရပြီး ယခုထပ်မံဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“စန်းဦးအပါ သူ့နောက်လိုက်တစ်ယောက်ထိတယ်။ ဒဏ် ရာပြင်းထန်ရပြီး လူနာတင်ကားနဲ့သယ်သွားတယ်။ အဲဒီရုံးကအသစ် ပြန်​ဆောက်ပြီးဖွင့်ထားတာတစ်ပတ်ပဲရှိသေးတယ်။ ခုထပ်ဖွင့်ပေးလိုက်တာပါ။ ကျွန်တော်တို့အဖွဲ့တော့ အထိအခိုက်မရှိပြန်လာနိုင်ခဲ့ပါတယ်”ဟု STF- MDY အဖွဲ့ခေါင်းဆောင် ဗိုလ်အနိစ္စမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရပ်ကွက်နေပြည်သူတစ်ဦးမှ “အဲဒီအုပ်ကြီးကဆိုးနေတာ။ လူမိုက်လိုလို အုပ်စုဖွဲ့သွားလာနေတာ။ လူမိုက်ကိုလုပ်ခိုင်းထားတာ။ ခုတော့ သူ့လူမိုက်နဲ့အတူသေပြီလားမသိဘူး။ လူနာတင်ယာဥ်နဲ့တော့ တင်သွားတယ်။ သွေးတွေများကြီးပဲ”ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းတို့ STF- MDY အဖွဲ့သည် ပြည်သူ့အထောက်အပံ့ဖြင့် ရပ်တည်နေရသည့်အတွက် ပစ္စည်းဝယ်ယူရန် အခက် အခဲများရှိနေခြင်းကြောင့် နေသာသလိုမနေကြရန် မေတ္တာရပ်ခံကြောင်း ပြောသည်။

ထို့အပြင် သံလျှက်မှော်အနောက်ခြမ်းရပ်ကွက်ရုံးသည်လည်း ယခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် အသစ်ပြန်လည်တည် ဆောက်ထားသည်မှာ မကြာသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ – CJ
#မန္တလေး #မဟာအောင်မြေ #ရပ်ကွက်ရုံး #ဗုံးပစ်ခံရ #Ayeyarwaddy_Times