ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဒီဇင်ဘာလ ၃ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ဒီဇင်ဘာလ ၂ ရက် ညပိုင်းက မြိုခံစီးပွားရေးလုပ်ငန်းရှင်အချို့အား PDF များထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်များက စွပ်စွဲဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ကျိုက်ထိုမြို့ပေါ်တွင် လူသိများသည့် စီးပွားရေးလုပ်ငန်းရှင် ၄ ဦးခန့်အား ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်များက ၎င်းတို့၏ နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ကျိုက်ထိုမှာက အရင်တည်းက လုပ်ငန်းရှင်တွေကိုဖမ်းဆီးပြီးငွေညှစ်နေကြပဲ စစ်တပ်က။ ညကအဲ့ဒီအိမ်တွေကိုဝင်ဖမ်းတုန်းက တမင်မီးဖျက်ပြီးလာဖမ်းတယ်လို့ပြောကြတယ်” ဟု မြို့ခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျိုက်ထိုမြို့တွင် စစ်ကောင်စီတပ်များက စီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများကို ဖမ်းဆီးငွေညစ်လေ့ရှိသည်ဟု မြို့ခံအချို့က ဆိုသည်။
ထို့အပြင် ယမန်နေ့ မနက်ပိုင်းကလည်း မုပ္ပလင်ကျေးရွာရှိပရဟိတအသင်းတည်ထောင်သူတစ်ဦးအား ဖမ်းဆီးခဲ့သေးကြောင်း ဒေသခံများထံမှသိရသည်။
အောက်တိုဘာလအတွင်းကလည်း စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များ၏ စွပ်စွဲရေးသားချက်များကြောင့် ကျိုက်ထိုမြို့ခံ ၅ ဦးထက်မနည်း ဖမ်းဆီးခံရသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
#ကျိုက်ထို #စီးပွားရေးလုပ်ငန်းရှင် #စွပ်စွဲဖမ်းဆီး
#Ayeyarwaddy_Times