ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူများအား ဖမ်းဆီးထားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များမှ ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
စစ်ကြောင်းဦးတည်ရာကျေးရွာများကို မြေပြင်အဖွဲ့များမှ ကြိုတင်တိမ်းရှောင်သင့်ကြောင်း သတိပေးထားသော်လည်း စစ်ကြောင်းထိုးလာချိန်မှ ရှောင်တိမ်းကြသည့် ဒေသခံစစ်ဘေးရှောင်ပြည်သူအများစုမှာ စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံနေကြောင်း သိရသည်။
၎င်းတို့အား ကယ်တင်နိုင်ရန်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ပြုလုပ်လိုသော် စစ်တပ်လက်တွင်းရောက်ရှိနေသည့် ပြည်သူကို ငဲ့ကာလက်ရှောင်နေရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် စစ်ရှောင်ထွက်ပြေးရာ မူးမြစ်ကူးတံတားဖြတ်ကူးစဉ် တံတားကျိုးကျသဖြင့် ဒေသခံပြည်သူ ၄ ဦး ရေထဲမျောပါကြောင်းလည်း သိရသည်။
လက်ရှိစစ်ကြောင်းဦတည်နိုင်သည့် ကျေးရွာများကိုလည်း အသက်အန္တရာယ်ထက် မည်သည့်အရာမျှအရေးမကြီးသည့်အတွက် မြေပြင်သတင်းနားစွင့်ပြီး ဘေးလွတ်ရာ တိမ်းရှောင်ကြရန် ဒီပဲယင်းညီနောင်များအဖွဲ့မှ ထပ်မံအသိပေးနှိုးဆော်ထားသည်။
#ဒီပဲယင်း #စစ်ကောင်စီ #စစ်ဘေးရှောင်ပြည်သူ #ဖမ်းဆီး
#Ayeyarwaddy_Times