ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၃ ရက်
တောင်ကိုရီးယားရုပ်ရှင်တွေ ကြည့်ရှုကာ ဖြန့်ဝေခဲ့တဲ့ ဆယ်ကျော်သက်နှစ်ဦးနဲ့ မိထွေးကို သတ်ဖြတ်ခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦးကို မြောက်ကိုရီးယားနိုင်ငံက လူမြင်ကွင်းရှေ့မှာ ကွပ်မျက်ခဲ့တယ်လို့ မျက်မြင်ကြုံခဲ့တဲ့ သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။
ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ဆယ်ကျော်သက်သုံးဦးက အသက် ၁၆ နှစ်မှ ၁၇ နှစ် အရွယ်တွေဖြစ်တယ်လို့ မြောက်ကိုရီးယား အာဏာပိုင်တွေက ပြည်သူတွေကို ပြောခဲ့တယ်လို့ အဲဒီသတင်းရင်းမြစ်တွေက ဆိုပါတယ်။
“တောင်ကိုရီးယားရုပ်ရှင်တွေ ကြည့်ရှုကာ ဖြန့်ဝေသူတွေ၊ အခြားသူတွေကို သတ်ဖြတ်သူတွေကို ခွင့် လွှတ်မှာမဟုတ်ဘဲ အမြင့်ဆုံးဖြစ်တဲ့ သေဒဏ်ပေးမယ်လို့ မြောက်ကိုရီးယား အာဏာပိုင်တွေက ပြောပါတယ်” လို့ ကွက်မျက်မှုဖြစ်ခဲ့ရာ တရုတ်နယ်စပ်အနီး ဟွေဆန်မြို့ခံတစ်ဦးက ပြောပါတယ်။
လေတပ်စခန်းတစ်ခုရှိရာ ဟွေဆန်မြို့မှာ အောက်တိုဘာလအတွင်း ကွပ်မျက်ခဲ့တာလို့ အဲဒီဒေသခံက ပြောပါတယ်။
“အာဏာပိုင်တွေက ဆယ်ကျော်သက်သုံးဦးကို လူတွေ့ရှေ့မှာ သေဒဏ်ချမှတ်ပြီး ချက်ချင်းဆိုသလို သေနတ်နဲ့ပစ်သတ်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ အခုလိုကွပ်မျက်မှုတွေဟာ ရှားပါးဖြစ်စဉ်ဖြစ်ပေမယ့် အာဏာပိုင်တွေက ပြည်သူတွေကို အကြောက်တရားသွင်းဖို့ ရံဖန်ရံခါ ကွပ်မျက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
ပိုမိုချမ်းသာတဲ့ ဒီမိုကရေစီ တောင်ကိုရီးယားနိုင်ငံမှ ရုပ်ရှင်တွေအပါအဝင် ပြည်ပမီဒီယာတွေရဲ့ ပြစ်မှုတွေ ကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အာဏာပိုင်တွေက ပြည်သူ့အစည်းအဝေးတွေမှာ ပြောကြားခဲ့ပြီး တစ်ပတ် အကြာမှာ အခုလို ကွက်မျက်ခဲ့တာဖြစ်ပါတယ်။
မကြာသေးမီနှစ်တွေအတွင်း အလွယ်တကူရရှိတဲ့နိုင်တဲ့ USB နဲ့ SD ကတ်တွေမှတစ်ဆင့် မြောက်ကိုရီးယားနိုင်ငံတစ်ဝန်း တောင်ကိုရီးယားနဲ့ အနောက်တိုင်းရုပ်ရှင်တွေ၊ ဂီတနဲ့ ရုပ်သံအစီအစဉ်တွေ ပျံ့နှံ့လာခဲ့ပါတယ်။
မှောင်ခိုသမားတွေက ရုပ်ရှင်၊ ဂီတနဲ့ ရုပ်သံအစီအစဉ်ပါရှိတဲ့ USB နဲ့ SD ကတ်တွေကို တရုတ်နိုင်ငံမှ တင် သွင်းကာ လူတစ်ဦးချင်းဆီမှတစ်ဆင့် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။
လူငယ်တွေက အစိုးရကို တော်လှန်လာနိုင်တယ်ဆိုတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ပတ်သက် တဲ့ ရုပ်ရှင်၊ ဂီတနဲ့ ရုပ်သံအစီအစဉ်တွေကို မြောက်ကိုရီးယားနိုင်ငံက ပိုပြီး စိုးရိမ်လာခဲ့တာဖြစ်ပါတယ်။
ကိုးကား – RFA
Ref; North Korea publicly executes 2 teenagers for distributing South Korean movies