နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဒီဇင်ဘာလ ၃ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီက သတင်းပေးတွေနဲ့ ဒလန်တွေကို စစ်ယူနီဖောင်းနဲ့ လက်နက်တပ်ဆင်ပေးကာ ကင်းလှည့်ခိုင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မြို့အတွင်း ကင်းလှည့်တာတွေ ဧည့်စာရင်းစစ်တာတွေနဲ့ ဆိုင်ကယ်ဖမ်းတဲ့ နေရာတွေမှာ သတင်းပေး ဒလန်တွေကို ပြောက်ကျားဝတ်စုံ ဝတ်ခိုင်းပြီး လက်နက်တွေနဲ့ အင်အားဖြည့်ကာ အသုံးပြုနေတာလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ သူတို့ဝတ်တဲ့ ပြောက်ကျားဝတ်စုံတွေက ဝယ်ရတာ အမှတ် ၆ ရပ်ကွက်က စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး နှစ်ဖက်ခွလုပ်နေတဲ့သူတွေက အလှူခံပြီး ဝယ်ပေးတာ လက်နက်ကတော့ စစ်ကောင်စီတပ်က ထုတ်ပေးတာ” လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ခုလိုမျိုး စစ်ကောင်စီသတင်းပေးတွေကို ယူနီဖောင်းဝတ်ခိုင်းပြီး လက်နက်ထုတ်ပေးကာ အင်အားဖြည့် အသုံးပြုလာတာဟာ မအူပင်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ ၂၇ ရှေ့တန်းထွက်သွားပြီးနောက်ပိုင်း အသုံး ပြုလာတာလို့ ဆိုပါတယ်။
မအူပင်အခြေစိုက်စစ်ကောင်စီတပ် ခလရ ၂၇ ရှေ့တန်းထွက်သွားချိန်မှာ နောက်တန်းမှာ ကျန်နေခဲ့ရတဲ့ အရာရှိ တွေက အရပ်ဝတ် ဝတ်ပြီး စစ်ကောင်စီသတင်းပေးတွေကို အင်အားဖြည့် အသုံးချနေတာလို့ စစ်ကောင်စီ တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
#မအူပင် #သတင်းပေး #ဒလန် #စစ်ယူနီဖောင်း #လုံခြုံရေး
#Ayeyarwaddy_Times