ဧရာဝတီတိုင်းမ်
(ယင်းမာပင်)၊ ဒီဇင်ဘာလ ၃ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်ဇင်ရွာအနီးတွင် ဒီဇင်ဘာလ ၁ ရက်နေ့ညပိုင်းက ဒေသခံ၂ ဦး တောင်ယာလုပ်ငန်းမှ ပြန်လာချိန် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သောကြောင့် ၂ ဦးစလုံး ဒဏ်ရာရရှိခဲ့ကြောင်း ချင်းတွင်းတိုက်ဂါး-CTPDFထံမှ သိရသည်။

တောင်ယာလုပ်ငန်းမှပြန်လာသည့် ဒေသခံအမျိုးသား၂ ဦးအား ထန်ဇင်ရွာသုသာန်အနီး ကင်းပုန်းဝပ်နေသည့် ဘန့်ဘွေးရွာပျူစောထီးစခန်းမှ စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးမှ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိခဲ့သည့်အတွက် ဗိုလ်ချင်းတွင်း ဦးဆောင်သည့်အဖွဲ့မှသွားရောက်ကယ်ဆယ်သယ်ထုတ်ပေးခဲ့ကာ ညတွင်းချင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။

“ဘန့်ဘွေးရွာကပျူတွေ၊ ပြည်သူတွေက ပုံမှန်သွားနေကြလာနေကြဘဲ၊ မနေ့ညကကျမှသူတို့ က ကင်းပုန်းဝတ်နေတော့ မဲမဲမြင်တာနဲ့ တန်းပစ်တာ၊ ကျွန်တော်တို့သတင်းကြားတော့ လက်လုပ်သေနတ်တွေနဲ့ဘဲသွားကယ်ထုတ်ခဲ့ရတာ၊ သူတို့ရှိရာဘက်ကိုတော့ပစ်ခဲ့တယ်၊ အပြန်အလှန်ပစ်ခတ်မှုတော့မဖြစ်ဘူး၊ တယောက်ကလက်ထိတာဖြတ်ပစ်ရမယ်ဆိုပြီးကြားတယ်” ဟု ချင်းတွင်းတိုက်ဂါး-CTPDF၏ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပစ်ခတ်ခံရမှုကြောင့် တစ်ဦးမှာ ကျောမှလက်ပြင်အုံအောက်ကျည်ဖောက်ထွက်ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦးမှာ လက်မောင်းရိုးကျည်ထိဒဏ်ရာရှိခဲ့ကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်မှုကြောင့် လက်ဖြတ်ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ချင်းတွင်းတိုက်ဂါး – LPDF အဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ဘန့်ဘွေးရွာမှထွက်လာသည့် စစ်ကောင်စီတပ်သားများအား မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

#ယင်းမာပင် #စစ်ကောင်စီ #ချင်းတွင်းတိုက်ဂါး #ဒေသခံ #ကယ်ဆယ်
#Ayeyarwaddy_Times