ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂ ရက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် စစ်ကောင်စီလက်အောက်ခံ လမ်းတံတားဦးစီးဌာနနှင့် စည်ပင်ဌာနတို့ ပူးပေါင်းကာ လမ်းနယ်နမိတ်ကျော်လွန်နေသည့် အဆောက်အဦးများကို ဖျက်ခိုင်းရာတွင် တပြေးညီ ဖျက်ခိုင်းခြင်းမရှိ၍ ဒေသခံများက ကျေနပ်မှုမရှိကြောင်းသိရသည်။

အဆိုပါအဆောက်အဦးများကို ယခင်အစိုးရ
အဆက်ဆက်က ပြောင်းရွေ့ခိုင်းသော်လည်း စစ်ကောင်စီလက်ထက်တွင်မူ တပ်အင်အားသုံး၍ ခြမ်းခြောက်ဖယ်ရှားခိုင်းခြင်းများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“အရင်အစိုးရလက်ထက်တွေတုန်းက စာထုတ်ပြီး ဘယ်နေ့အပြီးပြောင်းရွေ့ရမယ်ဆိုပြီး ဖယ်ခိုင်းတာတွေရှိတယ်။ ကျွန်မတို့ကလည်ယ အသနားခံစာ ပြန်တင်ပြီး‌ ဒီလိုဘဲနေကြရတာပေါ့။ အခုကျတော့ ဖျက်ရင်ဖျက် မဖျက်ရင် စစ်တပ်နဲ့လာဖျက်မယ်ဆိုပြီး ခြိမ်းခြောက်တော့ ကျွန်မတို့လဲ ကြောက်ကြောက်နဲ့ ဖျက်ရတယ်။ ယာယီပုံစံလေး မိုးကာနဲ့တောင် အမိုးမခံဘဲ ဖျက်ခိုင်းတယ်။ အရောင်းအဝယ်ကမကောင်း စားဝတ်နေရေးတွေက အဆင်မပြေရတဲ့အထဲ ဒီလိုတွေ ဖျက်ရတော့ ကျွန်မတို့ဘဝက ဘယ်လိုတောင်နေရမလဲမသိဘူး”ဟု ပုသိမ်မြို့ခံ လမ်းဘေးစျေးသည်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကားလမ်းမ လမ်းနယ်နှင့်မလွတ်သောအဆောက်အဦးများစွာရှိသော်လည်း ငွေကြေးမတတ်နိုင်သူများ၊ တိုင်ကြားခံရသူအချို့သာ ဖျက်သိမ်းခဲ့ရပြီး ဆက်လက်ခွင့်ပြုထားသူအချို့အပေါ် ဖျက်သိမ်းခံရသူများ မကျေနပ်မှုများဖြစ်ပေါ်နေကြောင်း အိမ်မဲမြို့ခံတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က နွေရောက်လာတော့ အရောင်းအဝယ်လေးအဆင်ပြေအောင် ယာယီမိုးကာလေးတွေ ထီးတွေနဲ့ လုပ်ပြီး ရောင်းတာပေါ့။ အဲ့လိုလဲ မရဘူးဆိုပြီး ဖျက်ခိုင်းတယ်။ အခုလိုဖျက်ရပြီး လွတ်တဲ့နေရာရောင်းတော့လည်း ဈေးဝယ်သူမရှိသလောက်ဖြစ်တော့ လုံးဝအဆင်မပြေဘူး။ အိမ်မဲမြို့အဝင်လမ်းဘေးက ဆိုင်တွေ မြောင်းမြနဲ့လပွတ္တာလမ်းဘေးက အဆောက်အဦးတွေကျတော့ မဖျက်ရဘဲ ဒီအတိုင်းနေကြတယ်၊အချို့‌ နေရာတွေလဲ မဖျက်ကြရဘူးဗျာ။ ဥပဒေအရဆိုရင်လဲ တန်းတူတော့ လုပ်သင့်တာပေါ့ဗျာ”ဟု အိမ်မဲမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်း ၂၆ မြို့နယ်တွင် လမ်းနယ်နမိတ်ကျော်လွန်၍ ဖျက်သိမ်းခဲ့ရသည့် ဆိုင်ခန်းနဲ့ လူနေအိမ် ၁ သောင်းကျော်အထိရှိနေကြောင်း ပုသိမ်၊မအူပင်၊အိမ်မဲမြို့ခံများထံမှ သိရသည်။

#ဧရာဝတီ #လမ်းနယ်နမိတ် #နေအိမ် #ဆိုင်ခန်း #ဖျက်သိမ်း
#Ayeyarwaddy_Times