ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက် တဲကြီးကုန်းလမ်းမှာရှိတဲ့ အလုပ်သမားတစ်ထောင်ကျော်နဲ့ လည်ပတ်နေတဲ့ Myanmar All Rich အထည်ချုပ်စက်ရုံကို နို၀င်ဘာ၃၀ရက်နေ့မှာ ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
စက်ရုံပိတ်သိမ်းမယ့်အကြောင်းကို အလုပ်သမားတွေဆီ ကြိုတင်အကြောင်းကြားခြင်းမရှိပဲ နို၀င်ဘာလ ၃၀ ရက်နေ့မှသာ ပိတ်သိမ်းကြောင်းပြောခဲ့ပြီး အလုပ်သမားတွေရဲ့ရပိုင်ခွင့်နို့တစ်ကြေးပေးဖို့ငြင်းဆန်နေတာကြောင့် အလုပ်သမားတွေဘက်က တောင်းဆိုမှုတွေရှိနေပြီး ဌာနဆိုင်ရာတွေကိုတိုင်ကြားမှုတွေပြုလုပ်ထားတယ်လို့ အဆိုပါစက်ရုံမှ လုပ်သားတွေက ပြောပါတယ်။
“သူက စက်မှုဇုန်က ဟွာဘိုတိုင်းစက်ရုံရဲ့ လက်ခွဲစက်ရုံပါ။ အော်ဒါထည်တွေမရတော့လို့ ယာယီပိတ်လိုက်တာလို့ပြောတယ်။ လောလောဆယ်လေးလပိတ်မယ်လို့ ပြောပေမယ့် ခုခေတ်အခြေအနေနဲ့ကဖွင့်ဖို့မလွယ်ဘူးထင်တယ်”လို့ စက်ရုံလုပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပိတ်သိမ်းလိုက်တဲ့ Myanmar All Rich
အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်တာဖြစ်ပြီး ဟွာဘိုတိုင်းအထည်ချုပ်စက်ရုံရဲ့ ရုံးခွဲအဖြစ်ဖွင့်လှစ်ခဲ့ကာ အလုပ်သမား ၁၀၀၀ နီးပါးရှိပြီး ပုသိမ်မြို့ပေါ်နဲ့ ကျေးရွာတွေကလာရောက်လုပ်ကိုင်သူတွေနဲ့ နယ်ကနေအဆောင်နေသူတွေလာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာ၂ ရက်နေ့ကည်း ပုသိမ်စက်မှုဇုန်က လုပ်သား၇၀၀ကျော်ရှိတဲ့ Chai Moon Sport အထည်ချုပ်စက်ရုံ ပိတ်သိမ်းခဲ့ပြီး နို၀င်ဘာ၁၀ရက်နေ့မှာ အလုပ်သမားတွေကို နစ်နာကြေးနဲ့နိ့တစ်ကြေးများ ထုတ်ပေးခဲ့တယ်လို့ အထည်ချုပ်လုပ်သားတွေဆီကနေသိရပါတယ်။
ပုသိမ်မြို့က အထည်ချုပ်စက်ရုံတွေမှာ အော်ဒါထည်နည်းပါးလာတာကြောင့် လာမယ့် မတ်လအတွင်းမှာ လုပ်သားလျှော့ချတာတွေနဲ့ ပိတ်သိမ်းတာတွေဖြစ်လာနိုင်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့နီးစပ်သူတွေက သုံးသပ်ပြောဆိုထားပါတယ်။
#ပုသိမ် #MyanmarAllRich #အထည်ချုပ်စက်ရုံ #ပိတ်သိမ်း
#Ayeyarwaddy_Times