မင်းခ/ဧရာဝတီတိုင်းမ်
(ရန်ကုန်)၊ ဒီဇင်ဘာလ ၂ ရက်
စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါးကာလအတွင်း အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ ၂၅၅၃ ဦးကို သတ်ဖြတ်ထားတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က သတင်းထုတ်ပြန်ထားပါတယ်။
AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံထားရသူ ၁၃၀၄၀ ဦးအထိရှိနေပြီး သူတို့ထဲက သေဒဏ်ချမှတ်ခံထားရသူ ၁၃၉ ဦးအထိ ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တရားမဲ့လူသတ်မှုတွေကို နိုင်ံငံတကာအနေနဲ့ ထိရောက်စွာဟန့်တားကာကွယ်ပေးဖို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တောင်းဆိုလိုက်ပါတယ်။
“စစ်တပ်က ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လူသတ်သည်ဖြစ်စေ အဲ့တာသည် အကြမ်းဖက်လူသတ်မှုဖြစ်တယ်။ ဒီလိုမျိုးလုပ်ခဲ့တဲ့ ကိစ္စတွေကို သူတို့အနေနဲ့ တာဝန်ခံရမှာဖြစ်ပါတယ်။စစ်တပ်က တရားမဲ့ လူသတ်ဖို့ကြိုးစားလာတဲ့ကိစ္စတွေ သတ်ဖြတ်နေတဲ့ကိစ္စတွေမှာ နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ ဟန့်တားမှုမျိုး ကာကွယ်မှုမျိုး မတွေ့ရသေးဘူး။ နိုင်ငံတကာအနေနဲ့ ထိရောက်စွာဟန့်တားကာကွယ်ပေးဖို့ တောင်းဆိုလိုပါတယ်”လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၃၀ ရက်နေ့က ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးနဲ့ တက်ကြွလှုပ်ရှားသူ ၄ ဦးကို အင်းစိန်ထောင်တွင်းစစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့မှုအပေါ်မှာလည်း အာဏာသိမ်းစစ်တပ်အနေနဲ့ ပြိုကျပျက်စီးနေတဲ့ တရားရေးမဏ္ဍိုင်ကို ခုတုံးလုပ်ကာ လူသတ်ဖို့ ကြိုးစားနေတာလို့ သူက ပြောပါတယ်။
“စစ်တပ်က အကြမ်းဖက်လူသတ်တာတွေ တရားမဲ့သတ်ဖြတ်တာတွေကို စဥ်ဆက်မပြတ်လုပ်ဆောင်နေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သေဒက်ပေးတယ်ဆိုတာဟာ ပြိုကျပျက်စီးနေတဲ့ တရားရုံးတို့ တရားရေးတို့ တရားဥပဒေတို့ကို ခုတုံးလုပ်ပြီးတော့ လူသတ်ဖို့ကြိုးစားလာတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့ကတော့ အဲ့လိုမြင်ပါတယ်” လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင်အာဏာသိမ်းစစ်တပ်အနေနဲ့ အကြမ်းဖက်လူသတ်မှုတွေ ဆက်ပြီး မကျူးလွန်နိုင်ဖို့အတွက် စစ်အုပ်စုဆီ ငွေကြေးစီးဆင်းမှုတွေကို နိုင်ငံတကာအနေနဲ့ ဖြတ်တောက်ပေးဖို့လိုတယ်လို့ သူက ဆိုပါတယ်။
“သေဒဏ်ပေး ကြိုးပေးသတ်ဖြတ်တာတွေ အကြမ်းဖက်သတ်ဖြတ်တာတွေရဲ့ အဓိကတရားခံဟာ စစ်အာဏာရှင်စနစ်ပဲ။ ဒီတိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကြီးရှိနေသရွေ့ ဒီလိုကိစ္စတွေက ဖြစ်လာမှာပဲ။ ကျွန်တော်လည်း အချိန်မရွေး ကြိုးစင်တက်ရနိုင်တယ်။ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေ ဘယ်သူမဆို အချိန်မရွေး ကြိုးစင်တက်ရနိုင်တယ်။ အကျဥ်းချခံရနိုင်တယ်။ သေနတ်နဲ့အချိန်မရွေး အပစ်ခံရနိုင်တယ်။ နိုင်ငံတကာကိုပြောချင်တာက လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီပေးဖို့လိုသလို တဖက်ကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ တိုက်ပွဲတွေမှာလည်း တတ်နိုင်သမျှ ကူညီပေးဖို့ လိုပါတယ်။ ကူညီဖို့လိုတယ်ဆိုတာကနိုင်ငံတကာကနေ စစ်အုပ်စုကို အသိအမှတ်မပြုတာတွေ စစ်အုပ်စုကိုအထောက်အပံ့ပြုနေတာတွေ ချက်ချင်းရပ်ဖို့တွေ နိုင်ငံခြားကုမ္ပဏီတွေကနေ စစ်အုပ်စုဆီကို ငွေကြေးစီးဆင်းနေတာတွေကို ရပ်လိုက်ဖို့နဲ့ အကူအညီပေးနေတာတွေကို ရပ်လိုက်ဖို့လိုတယ်”လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြည်သူလူထုအနေနဲ့လည်း အကြမ်းဖက်လူသတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးအပေါ် ယုံကြည်ချက်ရှိစွာနဲ့ ရရာနေရာကနေ တတ်နိုင်သရွေ့ ပါဝင်ပေးကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
“ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့လည်း နေ့စဥ်နဲ့အမျှ မတရားမှုတွေကို နားနဲ့မဆန့်အောင်ကြားနေရတယ်။ သတ်ဖြတ်လိုက်တာတွေ သေဒဏ်ပေးတာတွေ ရွာတွေ အိမ်တွေကို မီးရှို့တာတွေ အများကြီးရှိတယ်။ အဲ့အရာတွေအားလုံးရပ်တန့်သွားဖို့က ညှိနှိုင်းဆွေးနွေးဖို့ မဟုတ်ပါဘူး။ တော်လှန်ရေးအောင်ပွဲရသည်အထိ ဆက်ပြီးချီတက်ဖို့ပါ။ ပြည်သူလူထုတစ်ရပ်လုံးကနေပြီးတော့ ရရာကဏ္ဍမှာ ရတဲ့အချိန်တွေမှာ ရတဲ့နေရာကနေ အမြင့်ဆုံးပါဝင်ကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။ ဒီနေရာမှာ တော်လှန်ရေးကို အယုံအကြည်ကင်းမဲ့တာတွေ စိတ်ပျက်တာတွေ ညည်းညူတာတွေ ဖြစ်လို့မရဘူး။ တော်လှန်ရေးအပေါ်မှာ ယုံကြည်ချက်ရှိစွာနဲ့ ယုံကြည်မှုရှိစွာနဲ့ ရှေ့ဆက်ပြီးတော့ ရွက်ကုန်ဖွင့်ပြီးတော့ ခရီးနှင်ဖို့လိုပါတယ်”လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုမင်းဟန်ထက်က တိုက်တွန်းပြောဆိုထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
#အာဏာသိမ်းစစ်တပ် #နိုင်ငံတကာ #တရားမဲ့ #လူသတ်မှု #ဟန့်တားကာကွယ်
#Ayeyarwaddy_Times