ဧရာဝတီတိုင်းမ်
(ချင်းပြည်နယ်)၊ ဒီဇင်ဘာလ ၂ ရက်

ချင်းအမျိုးသားတပ်မတော် CNA ၏ တပ်မဟာ ၃ အတွင်းတွင် CNA ဦးဆောင်သော ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ ကြောင်း ချင်းအမျိုးသားတပ်ဦး CNFက သတင်းထုတ်ပြန်ထားသည်။

ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဟားခါး-ထန်တလန်အကြားနှင့် ဟားခါးမြို့တွင်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများပြားမှုကြောင့် ဂျက်လေယာဉ် ၂ စီးအပါအဝင် ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဟားခါးမြို့၊ ဗျူဟာကုန်းမှ လက်နက်ကြီးများနှင့် နေ့စဉ်ပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယခင်တုန်းကတော့ ချင်းတွေကို စစ်ကောင်စီက လျော့တွက်ခဲ့တယ်။ ယခုနောက်ပိုင်းမှာ CNA/CNFနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြေပြင်မှာ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့အတွက် စစ်ကောင်စီက အခုဆိုရင် လေယာဉ်တွေ အသုံးပြုတဲ့အထိဖြစ်လာတယ်။ CNA/CNFနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နိုင်တဲ့ လက်နက်အင်အား/လူအင်အားဟာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပါပြီ။ ယခုဖြစ်ပွားနေတဲ့ မြေပြင်အခြေအနေကို ကြည့်မယ်ဆိုရင် သိသာနေတာပဲ”ဟု ချင်းနိုင်ငံရေးသုံးသပ်လေ့လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်များလည်းပျက်စီးခဲ့ကာ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူအချို့သေဆုံးခဲ့ရကြောင်းဒေသခံများထံမှ သိရသည်။

CNA/CNFနှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလအတွင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သေနတ် ၉လက် အပါအဝင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် CNA ရဲဘော်တစ်ဦးအသက်ပေးလှူခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။

#CNA #စစ်ကောင်စီ #လက်နက်ခဲယမ်း #သိမ်းဆည်းရရှိ
#Ayeyarwaddy_Times