ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁ ရက်

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် ရဲ့ တပ်မ ၄၄ လက်အောက် အမှတ် ၄၄၁ နည်းဗျူဟာမှူး နေရာကို နည်းဗျူဟာမှူးအသစ် ၁ ဦး အစားထိုး ရောက်ရှိလာတယ်လို့ ကျိုက်ထိုတပ်မ ၄၄ နဲ့နီးစပ်တဲ့သတင်းရင်း မြစ်တွေဆီကသိရပါတယ်။

အသစ်ရောက်ရှိလာတဲ့ နည်းဗျူဟာမှူးဟာ ဒု-ဗိုလ်မှူးကြီး မျိုးမြင့်အောင်ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယအပတ်လောက်က စစ်ကောင်စီရဲ့ နေပြည်တော်ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)က စစ်ရုံးဌာန တခုရဲ့ G-1 စစ်ဦးစီးမှူး(ပထမတန်း)အဆင့်ကနေ ပြောင်းရွှေ့ရောက်ရှိလာတာလို့သိရပါတယ်။

ယခင် တပ်မ ၄၄ နည်းဗျူဟာ ၄၄၁ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးဟာ အောက်တိုဘာလ ၁၉ ရက် နေ့မနက်ပိုင်းက ကော်ဘရာစစ်ကြောင်းရဲ့ပစ်ခတ်လိုက်တဲ့ စနိုက်ဘာကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

”နိုဝင်ဘာလ တတိယအပတ်လောက်ကဖြစ်မယ် ရောက် လာတာ။ ရောက်ပြီးသိပ်မကြာဘူး ခုရှေ့တန်းရောက်သွားပြီလို့သိရတယ်။ လက်ရှိက သူက ဗိုလ်မှူးကြီးအပွင့်မတင်သေးဘူး၊ ယာယီနည်းဗျူဟာမှူးပေါ့။ ဗိုလ်မှူးကြီးအဆင့်ကိုတိုးမြှင့်ပြီးသား အပွင့်မတင်ရသေးတာ။ နေပြည်တော်စစ်ရုံးကပြောင်းလာတာလို့သိရ တယ်။ စစ်ရုံး G 1 ကနေ ဗျူဟာမှူးထွက်လာတာ ” လို့ တပ်မ ၄၄ နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

တပ်မ ၄၄ နဲ့ လက်အောက်ခံတပ်ရင်းတွေဟာ ကရင်ပြည် နယ်၊ လေးကေ့ကော်ဒေသ တကျော့ပြန်တိုက်ပွဲတွေစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေစတင်လို့ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ အတွင်းကို တိုက်ခိုက်ရေးဝင်ရောက်လာတာဖြစ်ပြီး တနှစ်ကြာတိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှုတွေ များပြားနေတာဖြစ်ပါတယ်။

အဲ့ဒီလို ထိခိုက်သေဆုံးမှုတွေများပြားနေတဲ့အထဲမှာ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်အထိပါဝင်နေတာဖြစ်ပြီး စစ်ဆင်ရေးအတွင်း နည်းဗျူဟာမှူးအဆင့်အထိထိခိုက်သေဆုံးမှုဟာ ရှားပါးပြီး တပ်ရင်းမှူးအဆင့်တွေလောက် အကျအဆုံးများခဲ့တာလို့ CDM တပ်မတော်သားတွေက ဧရာဝတီတိုင်းမ်ကိုပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ဖွဲ့စည်းပုံအရ တပ်မ ၁ ခုဟာ နည်း ဗျူဟာ ၃ ခု၊ တပ်ရင်း ၁၀ ရင်းနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်(တမခ ၄၄)မှာတော့ နည်းဗျူဟာ ၄၄၁၊၄၄၂၊၄၄၃ ဆိုတဲ့ နည်းဗျူဟာ ၃ ခုရှိတာဖြစ်ကာ နည်းဗျူဟာ ၁ ခုဟာ တပ်ရင်း ၃ ရင်းကိုကွပ်ကဲရတာဖြစ်တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ဓာတ်ပုံ – အောက်တိုဘာလ ၁၉ ရက်နေ့ကသေဆုံးသွားခဲ့သည့် တပ်မ ၄၄ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး။

#တပ်မ ၄၄ #ကရင်ပြည်နယ် #တပ်မဟာ ၆ #နည်းဗျူဟာမှူး #အစားထိုး #AyeyarwaddyTimes