ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁ ရက်
ရန်ကုန်တိုင်း၊ ဒလနှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ယမန် နေ့ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မော်တော်တစ်စင်းအပါအဝင် သမ္မာန်နှင့် ငါးဖမ်းပိုက်လှေများ နစ်မြုပ်သွားကြောင်း လှေပိုင်ရှင်များ၏ ပြောပြချက်အရ သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်အချို့တွင် လေပြင်းတိုက် ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြစ်အတွင်း၌ ဒလနှင့်ရန်ကုန်ကူးနေသည့် စက်သမ္မာန် ၃ စင်း တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
“ညက သမ္မာန် ၃ စီးမှောက်တယ်။ လေတွေ တအားတိုက်နေချိန် မြစ်အလယ်ကိုကျော်လာပီးမှ ဖြစ်တော့ တော်သေးတာပဲပြောရမယ်။ လူတွေဘာမှမဖြစ်လို့” ဟု သမ္မာန်မောင်းနှင်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ပုန်ကျေးရွာ၊ ရွာသစ်ကမ်းနားရှိ မြစ်အတွင်း ရပ်ထား သည့် မော်တော်နှင့် ငါးဖမ်းပိုက်လှေများ မျောပါနစ်မြုပ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံကသိရသည်။
“လှိုင်းတွေက တအားတက်လာပြီး လှေတွေအချင်း ချင်းရိုက်မိပြီး ချည်ထားတဲ့ ကြိုးတွေပြတ်ကုန်တာ။ မော်တော်ကြီးတစ်စီးနဲ့ ပိုက်လှေ ၁၀ စီကျော်မျောပါပြီး နစ်မြုပ်သွားတယ်”ဟု ဒေသအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန့်နေ့ညပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းအရှိန်ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အိမ် ခေါင်မိုး များလန်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များပါလမ်းပေါ် သို့ ကျိုးကျမှုများဖြစ်ပေါ်မူရှိခဲ့ကြောင်းသိရသည်။
#ရန်ကုန်မြစ် #ဒလ #ကွမ်းခြံကုန်း #လှေများနစ်မြုပ် #AyeyarwaddyTimes