ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁ ရက်
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်း ကျေးရွာများကို မြစ်ကြောင်းအတွင်းရှိ စစ်ရေယာဉ်လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး မီးရှို့မေကြောင်း ဒေသခံများထံကသိရသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွှေကုန်းကျေးရွာတွင် နိုဝင်ဘာ ၂၉ ရက်နေ့မှာ စတင်ကာ စစ်ကောင်စီတပ်တွေက ဝင်ရောက်တပ်ဆွဲခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လည်ပိုင်းမှာ ရွှေကုန်းကျေးရွာ အနောက်ဘက်ရှိ ထန်းဇင်းကျေးရွာကို ဝင်ရောက်ကာ အိမ်ခြေ ၂၀ ကျော်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ကပစ္စည်းတွေကိုယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။
” ဒီကောင်တွေ ၂၉ ရက်နေ့ ညနေပိုင်း ရွှေကုန်းကို စပီးတပ်ဆွဲတာ။ ၃၀ ရက်နေ့ နေ့လည်ပိုင်းကျ ရွှေကုန်းအနောက်ဘက်က ထန်းဇင်ကျေးရွှာကို သူတို့လိုချင်တဲ့ပစ္စည်းတွေယူပီး အိမ်ခြေ ၂၀ ကျော်ကိုမီးရှို့ဖျက်စီးသွားတယ်။မီးရှိုးပြီးတော့ ထန်းပုရွာကနေတစ်ဆင့် ဆားထုံးကျေးရွှာကို ညနေပိုင်းမှာ ထပ်ဝင်တယ် ” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒါ့ပြင် ဆားထုံးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွေက ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်းရွှာများကို ဝင်ရောက်ကာ ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။
ဆားလင်းကြီးမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဆုံးရှုံးမှုတန်ဘိုးကို မသိရှိသေးဘဲဒေသခံ ၁၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံကသိရသည်။
ဓာတ်ပုံ-ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#AyeyarwaddyTimes