ဧရာဝတီတိုင်းမ်
(ချင်းရွှေဟော်)၊ နိုဝင်ဘာ ၃၀ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်၊ ချင်းရွှေဟော် နမ့်ဖာတောင်တွင်ရှိသည့် မြန်မာအမျိုး သား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA)၏ တပ်စခန်းသို့ စစ်ကောင်စီတပ်မှ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးဒဏ်ရာရပြီး တပ်ခွဲမှူး ၂ ဦးအပါ အဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း MNDAA ၏ ကိုးကန့်သတင်းဌာနမှ သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် (၉)နာရီကျော် ဝန်း ကျင်အချိန်တွင် စစ်ကောင်စီတပ်မှ အင်အား ၅၀၀ ကျော်ဖြင့် MNDAAတပ်စခန်းရှိသည့် နမ့်ဖာတောင်တပ်စခန်းသို့ လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး နှစ်ဖက်တပ် အနီးကပ် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင်လည်း ကိုးကန့် -MNDAA တပ်စခန်းရှိသည့် နမ့်ဖာတောင်သို့ စစ်ကောင်စီတပ်မှ အင်အား ၃၅၀ ဝန်းကျင်ဖြင့်လာရောက် ထိုးစစ်ဆင် တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း MNDAA၏ ကိုးကန့်သတင်းဌာနမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲတွင် ကိုးကန့် (MNDAA)တပ်ဖွဲ့က စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ပြန်ပြီးတုံ့ပြန် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးကာ ၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
MNDAAနဲ့ စစ်ကောင်စီတပ်တို့အနေဖြင့် စစ်ကောင်စီတပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတွင် ရှမ်း/မြောက်အတွင်းရှိ ကွတ်ခိုင်၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ မူဆယ် စသည့် နေရာဒေသတွင်သာ တိုက်ပွဲဖြစ်ပွားမှု များပြားခဲ့သော်လည်း ယခုအခါတွင် ကိုးကန့်ဒေသ ချင်းရွှေဟော်ဘက်သို့ပါ ဖြစ်ပွားလာကြောင်း သိရသည်။
ဓါတ်ပုံ – MNDAA