ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဒီဇင်ဘာလ ၁ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာတွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်တွင် ရွာထဲရှိအိမ်၌စခန်းချနေသည့်စစ်ကောင်စီ တပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ပဲခူးရိုးမထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ပြီး ချောင်းစောက်ကျေးရွာရှိ ၎င်းတို့တပ်စွဲနေကျနေအိမ်၌စခန်းချနေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး သေဆုံးထိခိုက်မှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။
“ပဲခူးရိုးမထဲစစ်ကြောင်းထိုးလာတာ၊ အဲ့ဒီအိမ်ကသူတို့နားနေကြအိမ်ဘဲ၊ ဒါကိုရဲဘော်တွေကသိလို့ မိုင်းထောင်ထားပြီး သူတို့ပြန်လာတဲ့အချိန် အချိန်ကိုက်ဖောက်ခွဲခဲ့တာ၊ ထိခိုက်မှုတော့ရှိတယ်သိရတယ်၊ အတိအကျတော့မသိရဘူးမြေပြင်အခြေအနေအရ၊ အဲ့ဒီမှာက အရင်ထဲကစစ်ကြောင်းထိုးနေကြဆိုတော့ရွာထဲကသူတွေကတော့ရှောင်နေကြတာကြာပြီ။” ဟု ပဲခူးတိုင်းသတင်းပြန်ကြားရေး တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချောင်းစောက်ရွာအား စစ်ကောင်စီမှမကြာခနစစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများမှာရှောင်တိမ်းနေထိုင်နေပြီး ယခုတိုက်ခိုက်မှုအား သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သည် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်လည်း ကြို့ပင်ကျေးရွာမှ ဆက်ကြေးကောက်ပြီးပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့အားမိုင်းဆွဲတိုက်ခိုက်ရာ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။