ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းရွာအနီးတွင် နိုဝင်ဘာလ ၂၈ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း မန္တလေးဘက်မှ ဆန်တက်လာသည့်စစ်ကောင်စီ ထောက်ပို့ဖလက်သင်္ဘောများအား ကျောက်လုံးကြီးKLGတပ်မဟာနှင့် ပူးပေါင်းတပ်ဖွဲ့များမှ ကြာဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လောင်စာဆီနှင့်ရိက္ခာများတင်ဆောင်လာသည့် ဖလက်သင်္ဘော ၇ စီးအား ပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ပြီးအထိနာသည့်အတွက် မုံရွာမှ စစ်သင်္ဘော ၂ စီးစစ်ကူဆင်းလာခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကူလာသည့်သင်္ဘောများနှင့် နေ့လည် ၁ နာရီတွင်တစ်ကြိမ် ၃ နာရီတွင်တစ်ကြိမ်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ဖလက်သင်္ဘောတစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးနှင့်အထက်သေဆုံးခဲ့ကြောင်း KLG တပ်ဖွဲ့ဝင်များကပြောသည်။
“မန္တလေးဘက်ကနေအထက်ဘက်ကိုဆန်တက်လာတာ၊ ခုတော့မုမန္တလေးဘက်နေတယ်၊ စစ်ကူလာတာနဲ့ပေါင်းရင်အင်အားက ၂၀၀ ကျော်လောက်ပါတယ်၊ သူတို့သွားတဲ့လမ်းတစ်လျှောက်လုံးပစ်လာခဲ့တာ၊ ၄၀မမနဲ့ရော RPGတွေ စက်လက်တွေနဲ့ အကုန်ကိုပစ်တာ” ဟု ကျောက်လုံးကြီးKLGတပ်မဟာမှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒါ့ပြင် ကျောက်လုံကြီး KLG တပ်မဟာသည် နိုဝင်ဘာလ ၁၄ ရက်တွင်လည်း ပြည်သူများ၏ကောက်ပဲသီးနှံများကို မတရားသိမ်းယူနေသည့် စစ်ကောင်စီစခန်းချရာအလယ်ကျွန်းပျူရွာအား လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KLG တပ်ဖွဲ့ဝင်များထံကသိရသည်။
#Ayeyarwaddy_Times