ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ၊)နိုဝင်ဘာလ ၃၀ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ဝဲရစ်ရွာအနီးမှာ ပြီးခဲ့သော လေး ရက်ခန့်က သေဆုံးသွားသော စစ်ကောင်စီဗိုလ်မှူး ဝင်းဌေးနိုင် ရဲ့ အလောင်းအားလာကောက်သည့် စစ်ကား၂ စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၉ ရက် နေ့လည် ၁ နာရီခွဲခန့်အချိန်က ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းကို ဘုတ်တောင်ဘက်ကနေ သရက်ချောင်းဘက်ကို စစ်ကား ၂ စီးနဲ့ သယ်လာတဲ့အချိန် ဝဲရစ်ရွာနဲ့ ကမြိုင်ရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။
“သူတို့ အလောင်းပြန်လာကောက်မှာကို ကျနော်တို့သိလို့ကြိုစောင့်နေတာ။အလောင်း ဆင်းကောက် ပြီး ပြန်တက်တဲ့အချိန်မှာ ကျနော်တို့အဖွဲ့က မိုင်း ၃ လုံးနဲ့ဆွဲလိုက်တာပါ။စစ်ကောင်စီတပ်သား ၄ ဦး ခန့်သေဆုံးပြီး ၅ ဦး ခန့် ဒဏ်ရာအပြင်းအထန်ရရှိသွားသည်”ဟု PDFမှ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
သယ်ယူလာတဲ့ စစ်ကောင်စီတပ်ကဗိုလ်မှူးဝင်းဌေးနိုင်အလောင်းကိုတော့ သရက်ချောင်းမြို့နယ်က ပန်းတောရွာသင်္ချိုင်းမှာ သဂြိုဟ် လိုက်ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ အထိအခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း PDF တာဝန်ရှိသူတစ်ဦးမှပြောသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်တဲ့ ကျားရိုင်းတပ်ဖွဲ့၊ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၊ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့၏ပူးပေါင်းအဖွဲ့ဖြစ်သော အဖြူရောင် ရိန်းဂျား ပြောက်ကျားအဖွဲ့တို့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုတီးတစ်လုံးပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။