ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၃၀ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံအကျဥ်းထောင်မှာ ဖမ်းဆီးထားတဲ့ သတင်းထောက်ဟောင်း ကိုမျိုးစံစိုး ကို ထောင်တွင်းတရားရုံးကနေ ဒီကနေ့ နို၀င်ဘာလ ၃၀ ရက်နေ့မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။
“ဒီနေ့အမိန့်ချတာအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) အရ ထောင်ဒဏ် (၁၀) နှစ်နဲ့ ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ် (၅) နှစ် ကို သီးခြား ကျခံစေရမှာဖြစ်လို့စုပေါင်း ထောင်ဒဏ် (၁၅) နှစ် ချလိုက်တာ”လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကိုမျိုးစံစိုးမှာ Delta News Agency သတင်းဌာနမှာ ရုပ်သံသတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ဖူးပြီးစစ်တပ်အာဏာသိမ်းယူပြီးနောက် သတင်းရေးခြင်းကို ရပ်နားထားသူတစ်ဦးဖြစ်ပြီး ကိုဗစ်တတိယလှိုင်းအတွင်း ဖျာပုံမြို့နယ်တွင် ပရဟိတလုပ်ငန်းများ၌ ကူညီနေစဥ်၂၀၂၁ခုနှစ် အောက်တ်ိုဘာလ ၂၉ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတာလို့ သူမိတ်ဆွေတစ်ဦးက ဆိုပါတယ်။
“သူက သတင်းထောက်အလုပ်နားပြီး
ပရဟိတလုပ်နေတာ။ ရဲကလာခေါ်တော့လိုက်သွားတာ။ ဟိုရောက်တော့ သူ့ဖုန်းကို ရဲကစစ်လိုက်တာ PDFတွေနဲ့ စကားပြောထားတဲ့အသံဖိုင် ၂ ခုနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)နဲ့ တရားစွဲတာ။ ခုလို၁၅နှစ်ချတာတော့ သက်သက်မတရားသလိုပဲ”လို့ ကိုမျိုးစံစိုးရဲ့ မိတ်ဆွေတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိ ဖျာပုံအကျဥ်းထောင်ဟာထောင်ဒဏ်၁၀နှစ်အောက်တွေသာ
လက်ခံနိုင်တာကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှာ ပုသိမ်အကျဥ်းထောင်သို့ ပို့ဆောင်သွားမှာဖြစ်ပြီး လက်ရှိ ဖျာပုံမြို့မရဲစခန်းမှာ ကိုမျိုးစံစိုးကို ထားရှိထားတယ်လို့ သူ့ရဲ့မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရတဲ့ ကိုမျိုးစံစိုးဟာ ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ Ayeyarwaddy Times ၊ BNI နဲ့ Delta News Agency စတဲ့ သတင်းဌာနတွေမှာ သတင်းတွေရေးသားခဲ့သူလည်း ဖြစ်ပါတယ်။